သုံးဆယ်၊ ဇွန် ၁၁ – ၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း သာယာဝတီခရိုင် သုံးဆယ်မြို့ ငဖြူကလေးဘူတာနဲ့ သုံးဆယ်ဘူတာကြားမှာ ဒီနေ့ မနက် ၉ နာရီ လောက်က ရထားလာနေချိန် လမ်းဖြတ်ကူးတဲ့ ဆိုင်ကယ် ရထားတိုက်ခံရလို့ အမျိုးသားတစ်ဦးနေရာမှာပဲ သေဆုံးသွားတယ်လို့ သုံးဆယ်မြို့နယ်မြေရဲစခန်းက သိရပါတယ်။
သုံးဆယ်မြို့ ကွင်းကြီးကျေးရွာနေ ကိုဇော်မျိုးအောင် (၃၀ နှစ် ) နဲ့ ဒေါ်လှမြင့် (၅၆)နှစ်တို့ မောင်းလာတဲ့ ဆိုင်ကယ်ဟာ တရားမဝင် သံလမ်းဖြတ်ကူးလို့ အမှတ် (၆၉) အဆန် ကြည့်မြင်တိုင် – သာရဝေါ အမြန်ရထားနဲ့ တိုက်မိခဲ့တာဖြစ်ပြီး သူတို့ကို သာယာဝတီ ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ပေးထားတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
“ကျနော်တို့ သွားတော့ ဆိုင်ကယ်တစ်စီးက လမ်းကျော်၊ ဂုံးဘေးနားမှာ လဲနေတယ်။ ဆိုင်ကယ်နဲ့ လေး၊ ငါး ပေအကွာလောက်မှာ အမျိုးသားက လည်ပင်းမှာ ဒဏ်ရာနဲ့ ပွဲချင်းပြီးသေသွားတယ်။ အမျိုးသမီးကတော့ ခြေထောက်နှစ်ချောင်း ဖြတ်တိုက်ထားတာ ဖြစ်ရမယ်၊ ခြေထောက်နှစ်ချောင်း ရင်ဘတ်ပိပြီး တင်ပဆုံတွေလည်း ကျိုးသွားတယ်။” လို့ လိုက်ပါကူညီခဲ့တဲ့ ဂရုဏာရှင်အသင်းက ကိုထူးကြီးက ပြောပါတယ်။
ဆိုင်ကယ်ကို မဆင်မခြင် မောင်းနှင်တယ်ဆိုပြီး သေဆုံးသူ ကိုဇော်မျိုးအောင်ကို အရေးယူပေးဖို့ သုံးဆယ်ဘူတာရုံပိုင်ကြီး ဦးတင့်ဇော်က တရားလိုလုပ်တိုင်တန်းတဲ့အတွက် သေမှုသေခင်း အမှတ်စဉ် (၇/၂၀၁၉)နဲ့ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သုံးဆယ်နယ်မြေရဲစခန်း ရဲအုပ်မိုးအောင်က ပြောပါတယ်။
#voiceofmyanmar # ရထားလာနေချိန်လမ်းဖြတ်မောင်းတဲ့ဆိုင်ကယ်ရထားတိုက်ခံရတစ်ဦးသေ #ပဲခူး #သာယာဝတီ #သုံးဆယ်