မာလီနိုင်ငံအလယ်ပိုင်းမှာ လူမျိုးရေး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၁၀၀ နီးပါးသေဆုံး

ဘာမာကို ၊ဇွန်-၁၁-၂၀၁၉

မျိုးဆက် (VOM)

 

မာလီနိုင်ငံအလယ်ပိုင်းရှိ ဒိုဂွန်မျိုးနွယ်စုတွေနေထိုင်တဲ့ ကျေးရွာတစ်ရွာမှာ ဇွန် ၁၀ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် လူ ၁၀၀ နီးပါးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

 

အဲဒီတိုက်ခိုက်မှုဟာ  မော့တီဒေသ၊ ဆန်ဂါမြို့အနီးက ဆိုဘာမီဒါကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး  တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းသွားတဲ့ ရုပ်အလောင်းတွေအပါအ၀င် သေဆုံးသူ ၉၅ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့သလို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့  တာဝန်ရှိသူတွေက ဆိုပါတယ်။

 

အကြမ်းဖက်သမားများအဖြစ် သံသယရှိသူတွေဟာ အဲဒီကျေးရွာကို ဒေသစံတော်ချိန် မနက် သုံးနာရီမှာ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မာလီအစိုးရက ထုတ်ပြန်ပြီး လူ ၁၉ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

 

လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၅၀ ဦးဟာ မော်တော်ဆိုင်ကယ်တွေ၊ ပစ်ကပ်ကားတွေနဲ့ ရောက်ရိှလာပြီး ကျေးရွာကို ဦးစွာဝိုင်းထားပြီးနောက် တိုက်ခိုက်ခဲ့တာဖြစ်ကာ လွတ်မြောက်ဖို့ ကြိုးစားသူမှန်သမျှကို သတ်ဖြတ်ခဲ့တယ်လို့ တိုက်ခိုက်မှုကနေ လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။

 

မာလီနိုင်ငံမှာ မကြာသေးမီကာလတွေအတွင်း တိုက်ခိုက်မှုအများအပြားဖြစ်ပွားခဲ့ပြီး အချို့ကို ဒေသခံ မျိုးနွယ်စုများက လုပ်ဆောင်ခဲ့သလို အချို့ကို ဂျီဟတ်အုပ်စုများက လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ဒိုဂွန်မျိုးနွယ်စုနဲ့  ဖူလာနီမျိုးနွယ်စုတွေအကြားမှာလည်း မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေကြပါတယ်။

 

ဆန်ဂါမြို့အနီးမှာရှိတဲ့ ဘန်ကတ်မြို့တော်ဝန်ကတော့ ခရိုင်အတွင်းက ဖူလာနီမျိုးနွယ်စုတွေဟာ သန်းခေါင်ကျော်အချိန်လောက်မှာ ဒိုဂွန်မျိုးနွယ်စုတွေနေထိုင်တဲ့ ဆိုဘာမီဒါကျေးရွာကို တိုက်ခိုက်ခဲ့တာလို့ ရိုက်တာသတင်းဌာနကိုပြောပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်ခဲ့ကြောင်း ဘယ်အဖွဲ့ကမှ တရားဝင်ပြောဆိုတာ မရှိသေးပါဘူး။

 

 

Ref : BBC

Photo : Getty Images

 

#voiceofmyanmar # မာလီနိုင်ငံအလယ်ပိုင်းမှာလူမျိုးရေးအကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၁၀၀ နီးပါးသေဆုံး  #ဘာမာကို #

Related posts

Leave a Comment

VOM News

FREE
VIEW