ပေါင်းတည်၊ ဇွန် ၂၀- ၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်မှာ မနေ့ည ၁၀ နာရီဝန်းကျင်လောက်က အခွန်ဦးစီးဌာန ဒု-ဦးစီး တစ်ဦး နေအိမ် အိပ်ခန်းအတွင်းက ထုတ်တန်းမှာ ကြိုးဆွဲချ သေဆုံးသွားတယ်လို့ ပေါင်းတည်မြို့ မရဲစခန်းက သိရပါတယ်။
“သေဆုံးသူဟာ အာရုံကြောနဲ့ ဦးနှောက်သိပ်မကောင်းလို့ ဆေးကုနေရတယ်။ သင်္ကြန်မှာတော့ လေဖြတ်သွားသေးတယ်။ အဲဒီမှာ အာရုံကြောထိပြီး မျက်လုံးသိပ်မမြင်ရတော့ဘူး။ မိန်းမက အိမ်ပေါ်က ဆင်းသွားတယ်။ အလုပ်ကလည်း မလုပ်နိုင်တော့ စိတ်ဓာတ်ကျပြီး အခုလို သေဆုံးသွားတာ ဖြစ်နိုင်တယ်။” လို့ ပေါင်းတည်မြို့နယ် ဈေး ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ပြောပါတယ်။
သေဆုံးသူ အခွန်ဦးစီးဌာန ဒုတိယဦးစီး ဦးရန်အောင်ဟာ ပေါင်းတည်မြို့နယ် ဈေး ၂ ရပ်ကွက်မှာနေထိုင်နေတာပါ။ သေဆုံးသူနဲ့ ဇနီးဖြစ်သူဟာ ဇီးကုန်းမြို့ဇာတိဖြစ်ပြီး သမီးလေးတစ်ယောက် ရှိတယ်လို့ အိမ်နီးချင်းတွေဆီက သိရပါတယ်။
သေဆုံးသူဟာ “အမေကြီး သားစိတ်ညစ်လို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ပါတယ်။” ဆိုတဲ့ စာတစ်စောင် ရေးသားထားခဲ့တာတွေ့ရပြီး ပြင်ပဒါဏ်ရာ တစုံတရာ မတွေ့ရဘူးလို့ ရဲထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သေမှုသေခင်း အမှတ်စဉ် ၉/၂၀၁၉ နဲ့ အမှုဖွင့်ထားတယ်လို့ ပေါင်းတည်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
#voiceofmyanmar # ပေါင်းတည်မြို့ နယ်အခွန်ဦးစီးဌာနဒုဦးစီးတစ်ဦးကြိုးဆွဲချသေဆုံး # ပဲခူး#ပေါင်းတည်