ပေါင်းတည်၊ ဇွန် ၂၆ – ၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ် ရွှေကျောင်းကြီးတိုက်ဝန်းအတွင်း သက်တမ်းနှစ်ရာကျော်ရှိတဲ့ မင်းသားကြီးကန်မှာ ရက်ပိုင်းအတွင်း ဘေးမဲ့ငါးတွေနဲ့လိပ်တွေ သေဆုံးမှုများလာတယ်လို့ ဘုရားဖူးလာသူပြည်သူတွေထံက သိရပါတယ်။
“ပြီးခဲ့တဲ့နှစ်ကလည်း ငါးတွေသေပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ လိပ်တွေပါ သေကုန်ကြတယ်။ ဘုရားဖူးလာရင် ငါးစာ၊ လိပ်စာကျွေးနေကျဆိုတော့ ငါးတွေ၊ လိပ်တွေ သေနေတာမြင်တော့ စိတ်မကောင်းဘူး။”လို့ ဘုရားဖူးလာ ပြည်သူတစ်ဦးဖြစ်သူ ဦးလှကြီးက ပြောပါတယ်။
အခုလို ဘေးမဲ့ငါးတွေနဲ့ လိပ်တွေသေဆုံးတာနဲ့ ပတ်သက်ပြီး ဘုရးဂေါပက အတွင်းရေးမှူး ဦးမြတ်စိုးက “ဒီရက်ပိုင်းက နေပြင်းလို့ သေတာပါ။ ငါးတွေက စလားဗီးယား အမျိုးအစားဆိုတော့ သက်တမ်းအရ သေတတ်တယ်။ အများပြည်သူကျွေးတဲ့ မုန့်တွေ၊ မရွေးတွေ၊ အရောင်ပါတဲ့ မရွေးပွတွေကို ထိန်းကျွေးဖို့ လိုပါတယ်။”လို့ ပြောပါတယ်။
ဘေးမဲ့ကန်ဖြစ်လို့ ကန်ထဲမှာ ငါးနဲ့လိပ်တွေ ဘယ်လောက်ရှိလဲ မသိနိုင်ပေမယ့်  ဒီရက်ပိုင်းမှာ သေဆုံးတာကတော့ လိပ်အကောင်ရေ ၂၀ လောက်ရှိပြီး ငါးအကောင်ရေကတော့ များပြားတယ်လို့ ဂေါပကအဖွဲ့က သိရပါတယ်။ အခုလိုငါးနဲ့ လိပ်တွေ သေဆုံးမှုတွေနဲ့ပတ်သက်ပြီး ဘုရားဂေါပကအဖွဲ့ကနေ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ဌာနတော့ မရောက်သေးဘူး။ ဒါပေမယ့် ငါးနဲ့လိပ်တွေ ဘာကြောင့်သေတယ်ဆိုတာ ဖြစ်နိုင်ချေပေါ့နော်။ ရေမကောင်းရင်တော့ သေမှာပဲ။ ဒီလိုမိုးတွင်းမှာ မူလရေကန်ထဲမှာ အမှိုက်သရိုက်တွေ၊ အကြွင်းအကျန်တွေရှိမယ်၊ ရေဆိုးရေပုပ်တွေရှိမယ်၊ မိုးရွာလိုက်တဲ့အခါ ပြင်ပချောင်းတွေ၊ မြောင်းတွေကနေပြီး စီးဝင်လာတဲ့ရေတွေရှိမယ်၊ အထဲကရေနဲ့ပေါင်းပြီး ပုပ်လာမယ်၊ နေပူတဲ့အချိန်မှာအထဲက ကန်အောက်ခြေမှာ အမိုးနီးယား ဓာတ်ငွေ့တွေ လွှတ်လိမ့်မယ်။ အဲ့ဒီတော့ ငါးနဲ့လိပ်တွေဟာ အမိုးနီးယားဓာတ်ငွေ့ကိုရှူပြီး အသက်ရှူကြပ်သေကြတာ ဖြစ်နိုင်ပါတယ်။ အဓိက,က မူလရေဟောင်းကို ထုတ်ပြီး ရေသစ်လဲနိုင်ရင် အကောင်းဆုံးပါ။”လို့ ပြည်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးမြင့်ဦးက ပြောပါတယ်။
ရေကန်အလယ်မှာ လျှပ်စစ်ရေပန်းတွေ ပြုလုပ်ထားပြီး ကန်ရဲ့တစ်ဖက်စီမှာလည်း ရေပန်းတွေ ထားရှိထားပါတယ်လို့ ဘုရားဂေါပက,ကပြောဆိုပေမယ့် အခုအချိန်မှာတော့ မင်းသားကြီးကန်ရေဟာ အစိမ်းရောင်ဖြစ်နေပြီး ကန်ထဲက ပလပ်စတစ်တွေ၊ ငါးအသေတွေကို ကုန်စင်အောင် ဆယ်ယူထားခြင်းမရှိလို့ ပတ်ဝန်းကျင်မှာ အပုပ်နံ့တွေပျဲ့ပြီး ငါးစာ၊လိပ်စာ ကျွေးသူတွေ မရှိသလောက်နည်းသွားတယ်လို့ မြို့ခံတစ်ဦးက ပြောဆိုပါတယ်။
အဲဒီကန်ကြီးဟာ မြန်မာသက္ကရာဇ် ၁၁၅၅ ခုနှစ်မှာ ဘိုးတော်ဘုရားရဲ့သားတော် မင်းလကျာင်္မင်းသားကြီး တည်ခဲ့တဲ့ မင်းလကျာင်္သိရိစေတီတော်နဲ့အတူ တည်ရှိခဲ့တဲ့ မင်းသားကြီးကန် ဖြစ်ပါတယ်။
#voiceofmyanmar # သက်တမ်းနှစ်ရာကျော်ရှိတဲ့မင်းသားကြီးကန်မှာ ရက်ပိုင်းအတွင်း ဘေးမဲ့ငါးနဲ့လိပ်တွေ သေဆုံး # ဘိုးတော်ဘုရားရဲ့သားတော်မင်းလကျာင်္မင်းသားကြီးတည်ခဲ့ #ပဲခူး# ပေါင်းတည်