 သက်​တမ်းနှစ်​ရာ​ကျော်​ရှိတဲ့ မင်းသားကြီးကန်​မှာ ရက်​ပိုင်းအတွင်း​ ဘေးမဲ့ငါးနဲ့လိပ်​တွေ သေဆုံးမှုများလာ

ပေါင်းတည်၊​ ဇွန်​ ၂၆ – ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း ပြည်​ခရိုင်​ ​ပေါင်းတည်​မြို့နယ်​ ​ရွှေ​ကျောင်းကြီးတိုက်​ဝန်းအတွင်း သက်​တမ်းနှစ်​ရာ​ကျော်​ရှိတဲ့ မင်းသားကြီးကန်​မှာ ရက်​ပိုင်းအတွင်း ​ဘေးမဲ့ငါးတွေနဲ့လိပ်​တွေ ​သေဆုံး​မှုများလာတယ်​လို့ ဘုရားဖူးလာသူပြည်​သူ​တွေထံက ​သိရပါတယ်​။

 

“ပြီးခဲ့တဲ့နှစ်​ကလည်း ငါး​တွေ​သေပါတယ်​။ ဒါပေမယ့်​ ဒီနှစ်​​တော့ လိပ်​​တွေပါ​ သေကုန်ကြတယ်​။ ဘုရားဖူးလာရင်​ ငါးစာ၊ လိပ်​စာ​ကျွေး​နေကျဆို​တော့ ငါး​တွေ၊ လိပ်​​တွေ ​သေ​နေတာမြင်​​တော့ စိတ်​မ​ကောင်းဘူး။”လို့ ဘုရားဖူးလာ ပြည်​သူတစ်​ဦးဖြစ်​သူ ဦး​လှကြီးက​ ပြောပါတယ်​။

 

အခုလို ဘေးမဲ့ငါးတွေနဲ့ လိပ်တွေသေဆုံးတာနဲ့ ပတ်သက်ပြီး ဘုရးဂေါပက အတွင်းရေးမှူး ဦးမြတ်စိုးက “ဒီရက်​ပိုင်းက ​နေပြင်းလို့ ​သေတာပါ။ ငါး​တွေက စလားဗီးယား အမျိုးအစားဆို​တော့ သက်​တမ်းအရ​ သေတတ်​တယ်​။ အများပြည်​သူ​ကျွေးတဲ့ မုန့်​​တွေ၊ မ​ရွေး​တွေ၊ အ​ရောင်​ပါတဲ့ မ​ရွေးပွ​တွေကို ထိန်းကျွေးဖို့ လိုပါတယ်။”လို့ ပြောပါတယ်။

 

ဘေးမဲ့ကန်ဖြစ်လို့ ကန်ထဲမှာ ငါးနဲ့လိပ်တွေ ဘယ်လောက်ရှိလဲ မသိနိုင်ပေမယ့်  ဒီရက်ပိုင်းမှာ သေဆုံးတာကတော့ လိပ်အကောင်ရေ ၂၀ လောက်ရှိပြီး ငါးအကောင်ရေကတော့ များပြားတယ်လို့ ဂေါပကအဖွဲ့က သိရပါတယ်။ အခုလိုငါးနဲ့ လိပ်တွေ သေဆုံးမှုတွေနဲ့ပတ်သက်ပြီး ဘုရားဂေါပကအဖွဲ့ကနေ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

 

“ကျနော်တို့ ဌာန​တော့ မ​ရောက်​​သေးဘူး။ ဒါပေမယ့်​ ငါးနဲ့လိပ်​​တွေ ဘာ​ကြောင့်​​သေတယ်​ဆိုတာ ဖြစ်​နိုင်​​ချေပေါ့​နော်​။ ​ရေမ​ကောင်းရင်​​တော့ ​သေမှာပဲ။ ဒီလိုမိုးတွင်းမှာ မူလ​ရေကန်​ထဲမှာ အမှိုက်​သရိုက်​​တွေ၊ အကြွင်းအကျန်​​တွေရှိမယ်​၊ ​ရေဆိုး​ရေပုပ်​​တွေရှိမယ်၊​ မိုးရွာလိုက်​တဲ့အခါ ပြင်​ပချောင်း​တွေ​၊ မြောင်း​တွေက​နေပြီး စီးဝင်​လာတဲ့​ရေ​တွေရှိမယ်​၊ အထဲက​ရေနဲ့​ပေါင်းပြီး ပုပ်​လာမယ်​၊ ​နေပူတဲ့အချိန်​မှာအထဲက ကန်​​အောက်​​ခြေမှာ အမိုးနီးယား ဓာတ်​​ငွေ့​တွေ လွှတ်​လိမ့်​မယ်။ အဲ့ဒီတော့ ငါး​နဲ့လိပ်​​တွေဟာ အမိုးနီးယားဓာတ်​​ငွေ့ကိုရှူပြီး အသက်​ရှူကြပ်​​သေကြတာ ဖြစ်​နိုင်​ပါတယ်​။ အဓိက,က မူလ​ရေ​ဟောင်းကို ထုတ်​ပြီး ​ရေသစ်​လဲနိုင်​ရင်​ အ​ကောင်းဆုံးပါ။”လို့ ပြည်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးမြင့်ဦးက ပြောပါတယ်။

 

ရေကန်​အလယ်​မှာ လျှပ်​စစ်​ရေပန်းတွေ ပြုလုပ်​ထားပြီး ကန်​ရဲ့တစ်​ဖက်​စီမှာလည်း​ ရေပန်းတွေ ထားရှိထားပါတယ်​လို့ ဘုရား​ဂေါပက,က​ပြောဆိုပေ​မယ့်​ အခုအချိန်​မှာ​တော့ မင်းသားကြီးကန်​​ရေဟာ အစိမ်း​ရောင်​ဖြစ်​​နေပြီး ကန်​ထဲက ပလပ်​စတစ်​တွေ၊ ငါးအ​သေ​တွေကို ကုန်​စင်​​အောင်​ ဆယ်​ယူထားခြင်းမရှိလို့ ပတ်​ဝန်းကျင်​မှာ အပုပ်​နံ့​တွေပျဲ့ပြီး ငါးစာ​၊လိပ်စာ ကျွေးသူ​တွေ မရှိသ​လောက်​နည်းသွားတယ်​လို့ မြို့ခံတစ်​ဦးက​ ပြောဆိုပါတယ်​။

 

အဲဒီကန်ကြီးဟာ မြန်မာသက္ကရာဇ် ၁၁၅၅ ခုနှစ်မှာ ဘိုးတော်ဘုရားရဲ့သားတော် မင်းလကျာင်္မင်းသားကြီး တည်ခဲ့တဲ့  မင်းလကျာင်္သိရိစေတီတော်နဲ့အတူ တည်ရှိခဲ့တဲ့ မင်းသားကြီးကန် ဖြစ်ပါတယ်။

 

#voiceofmyanmar # သက်တမ်းနှစ်ရာကျော်ရှိတဲ့မင်းသားကြီးကန်မှာ ရက်ပိုင်းအတွင်း ဘေးမဲ့ငါးနဲ့လိပ်တွေ သေဆုံး # ဘိုးတော်ဘုရားရဲ့သားတော်မင်းလကျာင်္မင်းသားကြီးတည်ခဲ့   #ပဲခူး# ပေါင်းတည်

Related posts

Leave a Comment

VOM News

FREE
VIEW