ဇီးကုန်း၊ ဇွန် ၂၈ – ၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်မှာ နောက်ပိုင်းမီတာဖတ်ရင် မီတာယူနစ် မှန်မမှန် မီးသုံးသူဘက်က စစ်ဆေးပြီး လက်မှတ်ထိုးပေးဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ မြို့နယ်လျှပ်စစ်ဌာနက သိရပါတယ်။
“မီတာဖတ်တဲ့နေရာမှာ အငြင်းမပွားစေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်မှာဖြစ်တယ်။” လို့ ဇီးကုန်းမြို့နယ် လျှပ်စစ်ဌာန ဦးစီး ဦးရန်နိုင်ဝင်းက ပြောပါတယ်။
ဓာတ်အားခပေးဆောင်မှု မှန်ကန်တိကျစေဖို့၊ ဖတ်ရှုရာမှာလည်း လွဲမှားတဲ့အငြင်းပွားမှုတွေမဖြစ်စေဖို့၊ မီတာဖတ်ဝန်ထမ်းနဲ့အတူ မီးသုံးသူကိုယ်တိုင် (သို့မဟုတ်)ကိုယ်စားလှယ်တစ်ဦးက ဖတ်ပြီး သတ်မှတ်မီတာဖတ်ပုံစံကတ်မှာ အတည်ပြု လက်မှတ်ထိုးပေးရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်ဆိုတာ မီတာပိုင်ရှင်ကလွဲပြီး အိမ်မှာရှိတဲ့မိသားစုဝင်၊ ဘေးပတ်ဝန်းကျင်ကပြည်သူ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့ကို ဆိုလိုတာ ဖြစ်ပါတယ်။
အရင်က မီတာဖတ်ရင် မီတာဖတ်တဲ့အချိန်က ကျသင့်တဲ့ယူနစ်နဲ့ အမှန်တကယ် မီတာဆောင်တဲ့အချိန်မှာ ကွဲပြားမှုတွေ ရှိခဲ့လို့ အငြင်းပွားမှုတွေ၊ နစ်နာမှုတွေရှိတယ်လို့ သိရပါတယ်။
“မီတာ လာဖတ်တုန်းကတမျိုး၊ မီတာဆောင်တော့တမျိုး။ ကျနော်တို့ပဲ ပိုပေးရတာပါ။ ဒါပေမယ့် အဲ့ဒီတုန်းက မီတာနှုန်းထားက ဒီလိုမတက်သေးဘူးလေ၊ မသိသာဘူးပေါ့။ အခုက မီတာခ တက်တော့မှာဆိုတော့ အခုလို မီတာဖတ်တဲ့အဖွဲ့လုပ်တာ ကောင်းပါတယ်။”လို့ ဒေသခံ ဦးလှဝင်းက ဆိုပါတယ်။
လျှပ်စစ်ဓာတ်အား အသုံးပြုခတွေကို လာမယ့်ဇူလိုင် ၂ ရက်ကစပြီး ပြောင်းလဲကောက်ခံတော့မယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်က ထုတ်ပြန်ကြေငြာထားပါတယ်။
#voiceofmyanmar # မီတာဖတ်ရင်ယူနစ်မှန်မမှန်မီးသုံးသူဘက်ကစစ်ပြီးလက်မှတ်ထိုးပေးရမယ် #ပဲခူး #သာယာဝတီ #ဇီးကုန်း #