ရန်ကုန် -သြဂုတ် ၂၀-၂၀၁၉
သိဂီၤ(VOM)
YBS ဘတ်စ်ကားမှတ်တိုင်တွေမှာတည်ဆောက်ငှားရမ်းပေးမယ့်ဆိုင်ခန်းတွေမှာဆေးလိပ်နဲ့ကွမ်းယာရောင်းချခွင့်မပေးဘူးလို့ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောဆိုလိုက်ပါတယ်။
အဲ့ဒီဆိုင်ခန်းတွေကငါးပေပတ်လည်အကျယ်ရှိမှာဖြစ်ပြီးတစ်ခန်းအတွက်ကုန်ကျငွေကသိန်း၂၀ဝန်းကျင်ရှိနိုင်တယ်လို့သိရပါတယ်။ ဒီဈေးဆိုင်တွေမှာဖုန်းဘေကတ်၊ငွေဖြည့်ကတ်၊အဆာပြေစားသုံးနိုင်မယ့်စားစရာမုန့်တွေရောင်းချနိုင်မှာဖြစ်ပါတယ်။
“ကွမ်းယာနဲ့ဆေးလိပ်ကိုတော့ပေးမရောင်းဘူး။အားသွင်းဖို့အတွက်ဘောက်လေးတွေလဲထည့်ပေးထားမယ်။အဲဒီနေရာမှာWifi ဟာမျိုးလည်းလွှင့်ပေးမယ်။လုပ်ချင်တဲ့သူတွေများတယ်။ စိတ်ဝင်စားတဲ့သူတွေမည်သူမဆိုလာရောက်ဖွင့်လှစ်လို့ရပါတယ်။ဒါကိုလျှောက်ထားလို့ရပါတယ်။”မြို့တော်ဝန်ကပြောပါတယ်။
ဒီဆိုင်ခန်းတွေကိုရန်ကုန်တိုင်းအတွင်းပြန်လည်အဆင့်မြှင့်တင်ထားတဲ့ဘတ်စ်ကားမှတ်တိုင်ဘေး ပလက်ဖောင်းတွေပေါ်မှာ ထားရှိသွားမှာဖြစ်တယ်လို့သြဂုတ်၁၉ရက်နေ့ကပြုလုပ်ခဲ့တဲစာနယ်ဇင်းရှင်းလင်းပွဲမှာမြို့တော်ဝန်ကပြောဆိုခဲ့တာပါ။
အဓိကမကြာခင်YBS ကဒ်စနစ်စတင်အကောင်အထည်ဖော်တော့မှာဖြစ်တဲ့အတွက်အများပြည်သူYBS ကတ်ဝယ်ယူရာမှာလွယ်လွယ်ကူကူအဆင်ပြေချောမွေ့စေဖို့ကိုအဓိကထားတာဖြစ်တယ်လို့လည်းရှင်းလင်းပြောဆိုခဲ့ပါတယ်။
”အဲဒီဆိုင်တွေကစိတ်ဝင်စားတဲ့သူပေါ့၊ကြက်ခြေနီ၊ကင်းထောက်၊ပရဟိအဖွဲ့တွေတင်မကပါဘူး။စိတ်ဝင်စားတဲ့သူတွေဖွင့်မယ်ဆိုငှားပါ့မယ်။အဲ့ဆိုင်လေးတစ်ဆိုင်ကသိန်း၂၀လောက်တော့ကြပါတယ်။ငှားမယ်ဆိုလျှောက်လို့ရပါတယ်။အရေအတွက်ကန့်သတ်ချက်တော့မရှိပါဘူး။YBS ကဒ်စနစ်အသုံးပြုလာရင်လဲပိုက်ဆံထည့်ရင်ပဲဖြစ်ဖြစ် ကဒ်ပြားကိုလွယ်လွယ်ကူကူဝယ်လို့ရအောင်ဆိုတဲ့ရည်ရွယ်ချက်လဲပါပါတယ်။၂၄နာရီဖွင့်ဖို့အထိတော့မစဉ်းစားထားပါဘူး။ငှားတဲ့သူဖွင့်နိုင်သလောက်ပဲဖွင့်ဖို့စဉ်းစားထားတယ်”လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေကော်မတီအဖွဲဝင် ဒေါ်မေမေသွယ်က ဆိုပါတယ်။
အထက်ပါဆိုင်ခန်းတွေကိုအတက်အဆင်းများတဲ့Bus ကားမှတ်တိုင်တွေမှာဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးမြေငှားရမ်းခနှုန်းထားကိုမသတ်မှတ်ရသေးဘူးလို့လည်းသိရပါတယ်။
လက်ရှိမှာတော့တိုင်းအတွင်းအဆင့်မြှင့်တင်ထားတဲ့ဘတ်စ်ကားမှတ်တိုင်ပေါင်း၁၈၀၀ကျော်ရှိနေပြီဖြစ်ပါတယ်။
#voiceofmyanmar #YBS #ရန်ကုန်