မန္တလေး စက်တင်ဘာလ ၉ -၂၀၁၉
ဖြူဖြူ(VOM)
မန္တလေးမြို့မှာ ပထမဆုံးအကြိမ် မြန်မာကျပ်ငွေနဲ့ပြသမယ့် ကျောက်မျက်ရတနာပြပွဲကို မန္တလေးမြို့မှာ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်အသင်း (မန္တလေး) က သိရပါတယ်။
” ကျောက်စိမ်း၊ ကျောက်မျက် လုပ်ကိုင်စားသောက်သူ တပြည်လုံးရဲ့ ကိုးဆယ်ငါးရာခိုင်နှုန်းဟာ မန္တလေးမှာ အခြေစိုက်တာ။ နိုင်ငံခြားက လာရောက် ရောင်းဝယ်နေတဲ့သူတွေကလည်း ဒီမှာအခြေစိုက်ကြတယ်။ ပြီးတော့ မန္တလေးဟာ လုပ်ငန်းပေါင်းစုံ ရှိသလို အချက်အခြာကျတဲ့ မြို့လည်းဖြစ်တော့ ကျင်းပသွားမှာပါ။ “လို့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်အသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောပါတယ်။
ကျောက်မျက်ရတနာ ပြပွဲတွေကို ယူရိုငွေပြပွဲပဲဖြစ်ဖြစ်၊ မြန်မာကျပ်ငွေပြပွဲပဲဖြစ်ဖြစ် အရင်က နေပြည်တော်မှာသာ ကျင်းပနေခဲ့တာဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ စစ်ကိုင်း၊ မြစ်ကြီးနားနဲ့ အချို့မြို့တွေမှာ ကျင်းပလာသလို မန္တလေးမှာလည်း ကျင်းပတော့မှာ ဖြစ်ပါတယ်။
“ကျောက်တူးဖော်ရေးဘက်ကသော်လည်းကောင်း၊ ကျောက်ကုန်သည်ကြီးတွေအတွက် သော်လည်းကောင်း အခုလို ကျောက်ပြပွဲတွေ မကြာခဏ လုပ်ပေးရင် သူတို့မှာအောင်းထားတဲ့ ကျောက်တွေငွေပေါ်လာတော့ ကောင်းတာပေါ့ဗျ။ “လို့ ကျောက်မျက်လုပ်ငန်းရှင် ဦးကျော်ကျော်ဦးက ပြောပါတယ်။
အဲ့ဒီ ပြပွဲကို ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းပေါ်က မန္တလေး ကွန်ဗင်းရှင်းစင်တာမှာ အောက်တိုဘာ ၂၀ ရက် ကနေ ၂၆ ရက်အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ ပြပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးစီးပြီး မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်အသင်း(မန္တလေး) တို့ ပူးပေါင်း ကျင်းပမှာ ဖြစ်ပါတယ်။
မြန်မာကျပ်ငွေပြပွဲဖြစ်တဲ့အတွက် နိုင်ငံခြားသားဧည့်သည်တွေအနေနဲ့ လာရောက်လေ့လာခွင့်ရှိပေမယ့် အရောင်းအ၀ယ်လုပ်ခွင့်တော့ မပြုဘူးလို့ သိရပါတယ်။
ပြပွဲလျှောက်လွှာတွေ၊ deposit (အာမခံငွေ)ကိစ္စနဲ့ အသေးစိတ်ကို ဒီနေ့ စက်တင်ဘာ ၉ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီးမှာ အသေးစိတ်ပြန်လည်ထုတ်ပြန်ပေးသွားမယ်လို့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်အသင်း (မန္တလေး) က သိရပါတယ်။
အခုလို ကျောက်မျက်ပြပွဲတွေကို အမြဲတမ်းကျင်းပနိုင်ဖို့ မြေနေရာရရှိရေးအတွက်ကိုလည်း တိုင်းအစိုးရအဖွဲ့ထံ တင်ပြသွားမယ်လို့ ဦးသန်းဝင်းက ပြောပါတယ်။
#voiceofmyanmar #မန္တလေး #ကျောက်မျက်ပြပွဲ