ဟားခါး စက်တင်ဘာ ၉-၂၀၁၉
မိုင်ချယ်ရီ (VOM)
ချင်းပြည်နယ် အစိုးရအဖွဲ့ရဲ့ မြို့သစ်တိုးချဲ့ မြေဧရိယာ ဧက ခြောက်ရာကျော်ပေါ်မှာ မိမိပိုင်မြေဆိုပြီး မြေကွက်လိမ်လည်ရောင်းချခဲ့ကြသူတွေလို့ ယူဆရ သူတွေကို ဟားခါးမြို့မရဲစခန်းမှာ မနေ့က ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ ဟားခါးမြို့မရဲစခန်း ကနေ သိရပါတယ်။
မြေကွက် လိမ်လည်ရောင်းချတယ်ဆိုပြီး အဖမ်းခံရတဲ့သူ ၆ ဦး ရှိပြီး သူတို့ကတော့ ပူးချိန်တလိန်း၊ ပီးငွန်ပါရ် ၊ ပူးဇုန်မန်း၊ ဒေါက်တာဟရန်ကီးလ် ၊ ပူးမှက်အာလ် နဲ့ ပူးဘွဲ့အော် တို့ ဖြစ်တယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၀ ရက်နေ့က ပြည်နယ်အစိုးရ အစီအစဉ်နဲ့ မြို့သစ်စီမံကိန်းထဲမှာ ကျူးကျော်နေထိုင်တဲ့ လူနေအိမ် အလုံး ၁၂၀ ကျော်ကို ဖျက်ဆီးခဲ့ပါတယ်။ ဖျက်ဆီးခံရတဲ့ လူနေအိမ်တွေ တည်ဆောက်ထားတဲ့ မြေကွက်တွေကို တစ်ချို့ အကွက်တွေကို ငွေကျပ်သိန်း ၆၀ တစ်ချို့ အကွက်တွေကိုတော့ ငွေကျပ်သိန်း ၁၀၀ အစရှိတဲ့ ဈေးနှုန်းတွေနဲ့ လူတစ်ချို့ကနေ ဘိုးဘွားပိုင်မြေဆိုပြီး နေထိုင်သူတွေကို လိမ်လည်ရောင်းချခဲ့ကြတာဖြစ်တာကြောင့် လိမ်လည်ရောင်းချခဲ့တယ်လို့ ယူဆရသူတွေကို ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။
စစ်ဆေးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဟားခါးမြို့မရဲစခန်းရဲ့ တာဝန်ရှိသူတစ်ဦး က
“ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှု နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်။ ဆက်လက် စစ်ဆေးတာတွေ ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ပြည်နယ်အစိုရက ကျူးကျော်သူတွေဆိုပြီး အိမ်တွေ ဖျက်ဆီးခံလိုက်ရတဲ့ မြေကွက်ဝယ်ယူ နေထိုင်သူကို ပြည်နယ်အစိုးရအဖွဲ့ က ဟားခါးမြို့အနီးမှာ မြေကွက်အသစ်တွေ ချထားပေပြီး နေထိုင်ဖို့ စီစဉ်နေပေမယ့် အိမ်ဖျက်ခံထားရသူတွေ အနေနဲ့ကတော့ လက်ရှိနေရာမှာပဲ နေလိုတာကြောင့် အိမ်တွေဖျက်ခံရတဲ့နေရာမှာပဲ တဲထိုးနေထိုင်တာတွေ ရှိနေပါတယ်။
#voiceofmyanmar #ချင်းပြည်နယ် #ဟားခါး #မြေကွက်လိမ်လည်ရောင်း