စစ်ကိုင်းတိုင်းရဲ့ မြို့တော် “မုံရွာ”ဟု လွှတ်တော်မှာ ဖြေကြားခဲ့တဲ့ ပညာရေးဒုဝန်ကြီးထံကို ကန့်ကွက်စာပေးပို့

စစ်ကိုင်း၊ဒီဇင်ဘာ ၆ ၂၀၁၈

မောင်တာရာ(VOM)

စစ်ကိုင်းတိုင်းရဲ့မြို့တာ် “မုံရွာ”ဟု လွှတ်တော်မှာ ဖြေကြားခဲ့တဲ့ ပညာရေးဒုဝန်ကြီးထံကို ယခုလ ၅ ရက်နေ့က စစ်ကိုင်းမြို့နေ ပြည်သူတွေက ကန့်ကွက် စာ ပေးပို့ခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး စတုတ္ထတန်း၊ ပထဝီသင်ရိုးညွှန်းတမ်း၊စာမျက်နှာ ၁၃၊စာကြောင်းရေ ၅မှာ စစ်ကိုင်းတိုင်းရဲ့ မြို့တော်ဟာ  “မုံရွာမြို့”ဟု ပြဌာန်းထားတဲ့ အပေါ် စစ်ကိုင်းတိုင်းရဲ့မြို့တော် ‘စစ်ကိုင်းမြို့”ဟု မှန်ကန်စွာပြင်ဆင်သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိကို ယခုနှစ် စက်တင်ဘာလက ပြည်သူ့လွှတ်တော်မှာ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်သိန်း မှ မေးခွန်းမေးမြန်းခဲ့ပါတယ်။

အဲမေးခွန်းနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်မှာ ”မုံရွာမြို့”ဟုပြဌာန်းထားခြင်းဟာ မှားယွင်းစွာ ပြဌာန်းထားခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံးက မုံရွာမြို့ကို တိုင်းမြို့ဟုမှတ်ယူအသိအမှတ်ပြုထားခြင်း ဖြစ်တဲ့ အတွက်  ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုဆန့်ကျင့်ပြီး ဖော်ပြထားခြင်းမဟုတ်တဲ့ အတွက်  ပြဌာန်းစာအုပ်မှာ ပြင်ဆင်ပေးနိုင်ခြင်းမရှိကြောင်း ဖြေကြားခဲ့ပါတယ်။

”ပညာရေးဒုဝန်ကြီးက လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြုပြီးဖြေကြားခဲ့တာပါ၊ ဒါကြောင့်  မနေ့က ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၀မှာ နိုင်ငံရဲ့မြို့တော် နေပြည်တော်ကိုမြို့တော်အဖြစ်ပြောင်းလဲသတ်မှတ်သည် ဆိုတဲ့အချက်ကိုကိုးကားရင် ပြောင်းလဲတဲ့မြို့တော်နေပြည်တော် ပဲဖော်ပြပြီး ကျန်တိုင်းနဲ့ပြည်နယ်မြို့တော်များကို နဂိုရှိရင်းစွဲ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသတ်မှတ်ထားလို့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့မြို့တော်ဟာ စစ်ကိုင်းဖြစ်နေတာထင်ရှားနေပါလျက် မုံရွာလို့ ဖော်ပြချက်ကိုကန့်ကွက်ပါတယ်”ဟု စစ်ကိုင်းမြို့တော်သို့ တိုင်းရုံးများအားလုံးဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီပြန်လည်ရောက်ရှိရေး ဦးဆောင်ကော်မတီအတွင်းရေးမှုး (၁) ဦးကျော်စိုးလင်း ကပြောပါတယ်။

စစ်ကိုင်းတိုင်းရဲ့ မြို့တော်ဟာ စစ်ကိုင်းမြို့ လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉(က)ပြဌာန်းထားပါတယ်။

တိုင်းအဆင့် အစိုးရဌာနဆိုင်ရာရုံးတွေ စစ်ကိုင်းမြို့ကို ပြန်လည်ရောက်ရှိရေးအတွက် စစ်ကိုင်းမြို့ပေါ်၊ကျေးရွာတွေ မကျန် ပြည်သူလူထုတွေရဲ့ ဆန္ဒပြုလတ်မှတ်တွေ ကိုကောက်ခံခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌအမျိုးသားလွှတ်တော်ဥက္ကဌထံကို ပေးပို့တင်ပြထားခဲ့ပါတယ်၊ဒါပေမဲ့  ယနေ့အချိန်ထိအကြောင်းပြန်ခြင်းမရှိကြောင်း သိရပါတယ်။

ဒါကို အရင်အစိုးရ နဲ့ လက်ရှိ NLDအစိုးရတို့ က စစ်ကိုင်းမြို့မှာ တိုင်းရုံးတွေ ပြန်လည်ရုံးစိုက်ရန် ပျက်ကွက်ခဲ့ပြီး ခရိုင်မြို့တစ်မြို့ဖြစ်တဲ့ မုံရွာမြို့မှာ တိုင်းအစိုးရဌာနဆိုင်ရာရုံးတွေ ရုံးစိုက်နေခြင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်တွေကို ဆန့်ကျင်ချိုးဖောက်နေတယ်လို့ သိရပါတယ်။

ပညာရေးဒုဝန်ကြီးရဲ့ ဖြေကြားမှုနဲ့ ပတ်သက်ပြီး ပထမ အဆင့် ပညာရေးဒုဝန်ကြီးအပါ နိုင်ငံတော်အကြီးအကဲတွေထံ ကန့် ကွက်ကြောင်း စာတင်ပေးပို့သွားမှာဖြစ်ပြီး ထူးခြား မှုတွေ ရှိမလာခဲ့ဘူးဆို မြို့လုံးကျွတ်ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar#စစ်ကိုင်းတိုင်း# ပညာရေးဒုဝန်ကြီးကန့်ကွက်စာပေးပို့#

Related posts

Leave a Comment

VOM News

FREE
VIEW