ရခိုင်ပြည်နယ်မှာ အသစ်ပေါ်တဲ့စပါးတွေ ၀ယ်သူမရှိဖြစ်နေ

စစ်တွေ၊ ဒီဇင်ဘာ ၆-၂၀၁၈

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်း ယခုနှစ်မှာ အသစ်ပေါ်တဲ့စပါးတွေဟာ အရင်နှစ်ကထက်ဈေးကောင်းရရှိနေပေမယ့် ၀ယ်ယူသူမရှိဖြစ်နေပြီး တောင်သူတွေငွေကြေးမလည်ပတ်နိုင် ဖြစ်နေကြပါတယ်။

ပြီးခဲ့တဲ့နှစ်ကစပါးပေါ်ချိန်မှာ စပါးဈေးဟာ သီရိဒုံ တောင်းတစ်ရာကို ကျပ်တစ်သိန်းဝန်းကျင်သာရရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ၁၉၀၀၀ ကျပ်အထိဈေးပေါက်နေပြီး ပေါ်ဆန်းမွှေးကတော့ ၄၀၀၀၀၀ ရှိခဲ့ရာကနေ ၃၅၀၀၀၀ အထိကျဆင်းသွားခဲ့တယ်လို့ တောင်သူတွေကပြောပါတယ်။

“ စပါးကတော့ စပေါ်တဲ့အချိန် ပြီးခဲ့တဲ့လကဆိုရင် သီရိဒုံတောင်းတစ်ရာကို ၁၈၀၀၀၀ ကနေစပေါ်တယ်၊ အခုတော့ ၁၉၀၀၀၀ လို့ပြောတာပဲ၊ ပေါ်ဆန်းမွေးကတော့ ၄ သိန်းကနေ အခု ၃ သိန်းခွဲပဲပေးတယ်လို့ကြားတယ်၊ကျွန်တော်တို့ဆီကိုတော့ ၀ယ်မယ့်သူတွေလည်းမရာက်သေးဘူး ”လို့ တောင်သူဦးစိန်ထွန်းကပြောပါတယ်။

အခုနှစ် စပါးစိုက်ပျိုးချိန်မှာ မိုးရွာသွန်းမှုများပြားခဲ့တဲ့အတွက် စပါးတွေဖြစ်ထွန်းမှုနည်းပါးခဲ့ပြီး အထွက်နှုန်းတွေလည်း ကျဆင်းမှုတွေရှိနေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ထွက်ရှိတဲ့ဆန်စပါးတွေကို တရုတ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို အဓိကတင်ပို့ရောင်းချ နေတာဖြစ်ပြီး ပြည်ပနိုင်ငံတွေက ဆန်ဝယ်ယူမှုလျှော့ချလိုက်တာကြောင့် အခုလိုဒေသတွင်းစပါးတွေကို ၀ယ်သူမရှိဖြစ်နေတာပါ။

“အရင်ကဆိုရင်တော့ စပါးပေါ်ချိန်ဆိုရင် ဝယ်တဲ့သူတွေအများကြီးပဲ၊ အခုနောက်ပိုင်းနှစ်တွေမှာတော့ သိပ်မလာတော့ဘူး၊ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး၊ တစ်ယောက်နှစ်ယောက်ပဲ လာဝယ်တယ်၊ သူတို့ကိုပဲအားကိုး နေရတာပေါ့၊ စရိတ်စကတွေလည်းကြီးတော့ အမြတ်အစွန်းကသိပ်မကျန်ဘူး ”လို့ ဦးစိန်ထွန်းကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကလည်း အခုလိုစပါးပေါ်ချိန်မှာ ရခိုင်ပြည်နယ်ကစပါးတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ဝယ်ယူခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံအတွင်းဆန်ပိုလျှံမှုတွေဖြစ်နေတဲ့အတွက် ရခိုင်ပြည်နယ်အတွင်းမှာ ပြန်လည်ရောင်းချခဲ့ရပါတယ်။

ထို့ကြောင့် ဆန်စပါးကုန်သည်တွေရဲ့လက်ထဲမှာ စပါးလက်ကျန်တွေများပြားနေပြီး တရုတ်နိုင်ငံဘက်က အဝယ်အေးနေတဲ့အတွက် အခုနှစ်မှာ စပါးအသစ်တွေကို ၀ယ်ယူသူတွေနည်းပါးနေတာဖြစ်ပါတယ်။

#voiceofmyanmar#ရခိုင်ပြည်နယ်#အသစ်ပေါ်တဲ့စပါးတွေဝယ်သူမရှိ#

 

Related posts

Leave a Comment

VOM News

FREE
VIEW