မြေစာပုံဟောင်းပြို၍ ကျောက်တူးသူတဦးသေ

ဖားကန့်၊ ဒီဇင်ဘာ ၆၊ ၂၀၁၈။

ဇော်မိုးထက်

 

ဖားကန့်မြို့နယ် မရှိကထောင် ရပ်ကွက်အနီး၊ လုံးခင်း -ဂျန်ဂတ်  သွားလမ်းဘေးရှိ လွယ်ဂျောင် ကျောက်စိမ်းမှော်မှာ ဒီနေ့ မနက် ၁၀ နာရီခန့်က  စွန့်ပစ်မြေစာပုံ အဟောင်း ပြိုကျမှုကြောင့် တပိုင်တနိုင် ကျောက်စိမ်းတူးသူ လေးဦး မြေစာပိသွားခဲ့ပါတယ်။

 

မြေစာပိသူလေးဦးအနက် မောင်စိန်ဦး (၃၆)နှစ် (ဘ) ဦးဝင်းဖေ ၅/အတန(နိုင်) ၀၈၀၉၆၆ အင်းတော် မြို့နေသူဟာ နေရာမှာ သေဆုံးခဲ့တယ်လို့  မရှိကထောင်ရပ်ကွက် NLD တာဝန်ခံ ဦးမင်းမင်းစိုးက ပြောပါတယ်။

သေဆုံးသူရဲ့  ညီဖြစ်သူ ကိုမောင်ဝိုင်း (၂၆)နှစ် (ဘ)  ဦးဝင်ဖေ အင်းတော်မြို့၊ မောင်ဝင်းနိုင် (၃၅)နှစ် (ဘ) ဦးကြီးစိန်၊ ရန်ကုန်တိုင်း ဒဂုံမြို့နယ် နှင့် မောင်မျိုးသူ (၂၂) နှစ် (ဘ) ဦးမြင့်ရွှေတို့ဟာလည်း ဒဏ်ရာကိုယ်စီရခဲ့တယ်လို့ ဆိုပါတယ်။

“ဒီမနက် ဆယ်နာရီလောက်က ဖြစ်တာပါ။ တယောက်သေတယ်။ သုံးယောက် ဒဏ်ရာရတယ် မစိုးရိမ်ရဘူး” လို့ မရှိကထောင် ရပ်ကွက် NLD တာဝန်ခံ ကိုမင်းမင်းစိုးက ပြောပါတယ် ။

 

ပြိုကျခဲ့တဲ့ မြေစာပုံအဟောင်းဟာ အရင်က ယူနတီကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီရဲ့ သက်တမ်းကုန် လုပ်ကွက်အဟောင်းက မြေစာပုံဖြစ်တယ်လို့လည်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါတယ်။

 

လက်ရှိအခင်းဖြစ်ပွားတဲ့နေရာဟာ မကြာခင်မှာ တနိုင်တပိုင် လုပ်ကွက်ချထားပေးဘို့ သတ်မှတ်ထားတဲ့နေရာလည်း ဖြစ်ပြီး လတ်တလောမှာ ရေမဆေးသမားတွေ တူးနေတာဟာ တရားမဝင်တူးဖော်နေကြတာလို့လဲ ဆိုပါတယ်။

 

ဖားကန့်မြို့နယ်အတွင်းမှာ မြေပြိုမှု၊ မြေစာပြိုမှု၊ ကမ်းပါးပြိုမှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ လူပေါင်း ရာဂဏန်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

 

ဓာတ်ပုံ — မရှိကထောင် အုပ်ချုပ်ရေးမှူးရုံး

Related posts

Leave a Comment

VOM News

FREE
VIEW