ချင်းပြည်နယ်ရှိ မြို့(၂)မြို့ မှာ ဘိန်းခင်းဧက ၁၂၀ ကျော် ဖျက်ဆီး

တွန်းဇံ၊ ဒီဇင်ဘာ ၇၊ ၂၀၁၈

မိုင်ချယ်ရီ(VOM)

ချင်းပြည်နယ် တွန်းဇံမြို့နဲ့ ကျီခါးမြို့နယ် အတွင်းမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်းတွေကို နိုဝင်ဘာလ နောက်ဆုံးအပတ်မှ စပြီး ဒီဇင်ဘာလ ပထမပတ် အထိ လိုက်လံဖျက်ဆီးခဲ့ရာမှာ ဘိန်းစိုက်ခင်း ဧက ၁၂၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ တွန်းဇံမြို့မရဲစခန်း က စခန်းမှူး ဒုရဲမှူး စိုးဝင်း က ပြောပါတယ်။

ဒီလို ဖျက်ဆီးခဲ့တာနဲ့ ပတ်သတ်လို့ ဒုရဲမှူး စိုးဝင်းက “အသီးတွေ သီးနေတဲ့ အချိန်မှာ ပဲ ကျွန်တော်တို့ ဖျက်တာ” လို့ ပြောပါတယ်။ ဘိန်းခင်းတွေ လိုက်လံ ဖျက်ဆီးခဲ့ရာမှ ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် ချင်းပြည်နယ် မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားများကလည်း လိုက်လံ ကူညီ ဖျက်ဆီးတာတွေ လုပ်ပေးခဲ့ပါတယ်။

ဒီလို ဖျက်ဆီးခဲ့တဲ့ ဘိန်းခင်းတွေ ဟာဆိုရင် မြို့တွေနဲ့ မိုင်ပေါင်း အနည်းဆုံး ၃၀ ကျော် လောက်ဝေးတဲ့ နေရာမှာ ရှိတဲ့ တောင်ကုန်းတောင်တန်းတွေမှာ စိုက်ပျိုးထားတာဖြစ်ပြီး ခြေလျင် နဲ့ ခက်ခက်ခဲခဲ သွားရောက်ပြီး ဖျက်ဆီးခဲ့ရတာဖြစ်တယ်လို့ ဘိန်းခင်းတွေကို သွားရောက်ဖျက်ဆီးခဲ့ရတဲ့ သူတွေ က ပြောပါတယ်။

 

တွန်းဇံမြို့နယ် နဲ့ ကျီခါးမြို့နယ် ဟာဆိုရင် မြန်မာ-အိန္ဒိယ နယ်စပ် အနီးမှာ တည်ရှိတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။

ချင်းပြည်နယ် အတွင်းမှာ ရှိတဲ့ မြို့နယ် ၉ မြို့နယ်ထဲမှာ ဘိန်းစိုက်ပျိုးမှုကို တွန်းဇံမြို့နယ် နှင့် ကျီခါးမြို့နယ် တွေမှာ စိုက်ပျိုးကြပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကလည်း အဲ့ဒီမြို့နယ် နှစ်မြို့နယ်မှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ဧက ၅၀ ကျော်ကို လည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ တွန်းဇံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

#voiceofmyanmar#ချင်းပြည်နယ်#ဘိန်းခင်းဖျက်စီးမှု#

Photo.Iprd Rihkhawdar

 

Related posts

✕
VOM News

FREE
VIEW