စစ်ဘေးရှောင်အရေး ဆန္ဒပြသူ ကချင်တိုင်းရင်းသား ၃ ဦး အမိန့်ချ

ဒီဇင်ဘာ ၇၊ ၂၀၁၈

VOM

 

ကချင်ပြည်နယ် တိုက်ပွဲထဲမှာ ပိတ်မိနေသူတွေကို ကူညီရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကချင်တိုင်းရင်းသား ၃ ယောက်ကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချလိုက်တာကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်ခဲ့သူတွေကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်ပါတယ်။

 

ဒေါ်ဆွတ်ဆိုင်းထွယ်၊ ကိုဆိုင်းခွမ်အောင်နဲ့ ဦးဘရန်မိုင်တို့ဟာ မြစ်ကြီးနားမြို့နယ် တရားရုံးရှေ့ကနေ မနောကွင်းအထိ ချီတက်ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်တယ်ဆိုပြီး မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းမှာ ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံထားရတယ်လို့ ဆန္ဒပြခဲ့သူတွေ ပြောပြပါတယ်။

 

ဆန္ဒပြသူတွေဟာ ဒေါ်နန်ပူ၊ ကိုလွမ်းဇောင်နဲ့ ဦးဇော်ဂျက် တို့ကို ဒီနေ့အမိန့်ချလိုက်တာဟာ တရားမျှတမှု မရှိကြောင်း၊ တရားစီရင်ရေးဟာ လွဲမှားနေပြီး လွတ်လပ်စွာ ပြောဆိုခွင့်တွေ မရှိတဲ့အပြင်၊ တရားဥပဒေစိုးမိုးရေးမရှိကြောင်း စတာတွေ ကြွေးကြော်ခဲ့ကြပါတယ်။

 

 

ဒေါ်နန်ပူ၊ ကိုလွမ်းဇောင်နဲ့ ဦးဇော်ဂျက်ဟာ တပ်မတော်ကို အသေရေဖျက်ခဲ့တယ်ဆိုတာ ထင်ရှားတယ်ဆိုပြီး မြစ်ကြီးနားမြို့နယ် တရားရုံးက ဒီနေ့မှာ ထောင်ဒဏ် ၆ လနဲ့အတူ ဒဏ်ငွေ ငါးသိန်း ချမှတ်ခဲ့ပါတယ်။

 

သူတို့ ၃ ယောက်ဟာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် တနိုင်းဒေသမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ကူညီရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့သလို၊ စစ်ဘေးရှောင်တွေရဲ့ အခြေအနေတွေအကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြသူတွေပါ။

 

သူတို့ ၃ ယောက် ဆန္ဒပြချိန်မှာ ပြောဆိုချက်တွေဟာ တပ်မတော်ကို အသေရေဖျက်မှုမြောက်တယ်ဆိုပြီး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးကနေ တရားလိုလုပ် အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

 

သူတို့ ၃ ယောက်ကို အခုလို ထောင်ဒဏ်တွေ ချမှတ်လိုက်တာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးကလည်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

 

” ငြိမ်းချမ်းရေးနှင့် အကြမ်းဖက်မှု ပဋိပက္ခများတွင် ပိတ်မိနေသည့် ပြည်သူများအတွက် ဆန္ဒထုတ်ဖော်မှုများကို ရာဇ၀တ်မှုအဖြစ် မသတ်မှတ်သင့်ပါ ။ ဥရောပသမဂ္ဂသည် တရားရုံး၏ ဆုံးဖြတ်ချက်အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရပြီး သက်ဆိုင်ရာ အာဏာပိုင်များကို ပြစ်ဒဏ်ကို ပြန်လည် သုံးသပ်ရန်နှင့် တက်ကြွလှုပ်ရှားသူများအတွက် ယင်းတို့၏ လူ့အခွင့်အရေးများကို ဥပဒေအရ အရေးယူမည်ကို စိုးရိမ်စေခြင်းမရှိစေဘဲ ဆန္ဒထုတ်ဖော်ခွင့် ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်များရရှိစေရန် တောင်းဆိုအပ်ပါသည်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

 

ဒါ့အပြင် ကချင်အဖွဲ့အစည်းအသီးသီးကလည်း ထုတ်ပြန်ချက်တွေ ထုတ်လို့ တရားစီရင်ရေးဟာ လွတ်လပ်မှု၊ တရားမျှတမှု မရှိဘူးလို့ ထောက်ပြဝေဖန်ပြီး တရားစီရင်ရေးကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

 

Photo – Mihn Suu Naing

Related posts

Leave a Comment

VOM News

FREE
VIEW