ယိုးချောင်းအထက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေ

ကျောက်တော်၊ ဒီဇင်ဘာ ၂၇-၂၀၁၈

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းဒေသမှာ ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ယိုးချောင်းအထက်ပိုင်းမှာရှိတဲ့ သလူချောင်းကျေးရွာနဲ့ ပညာဝကျေးရွာအကြားမှာရှိတဲ့ မြာတောင်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲက မနက် ၅ နာရီခွဲလောက်မှာ စဖြစ်ပါတယ်၊ ပစ်ခတ်သံတွေကြားရတယ်၊ လက်နက်ကြီးသံတွေလည်း ကြားရပါတယ် ”လို့ ကန်ဇောက်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဲဒီနယ်မြေအတွင်း အခုလ ပထမအပါတ်ကနေ မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပြီး ကျေးရွာတချို့က ဒေသခံတွေဟာ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာတော့ သလူချောင်းနဲ့ ပညာဝကျေးရွာတွေမှာ ရွာသားတွေထွက်ပြေးသွားခဲ့ကြပေမယ့် သူတို့ရဲ့ကျွဲနွားတွေကို စောင့်ရှောက်ပြီးရှိနေတဲ့ ကျေးရွာသားတချို့ ကျန်ရှိနေတာဖြစ်ပါတယ်။

“အထက်ပိုင်းမှာတော့ ကျေးရွာ ၁၇ လောက်ရှိပါတယ်၊ အခုတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရိက္ခာတွေသယ်ယူခွင့်မပြုတော့ စားရေးသောက်ရေးအခက်အခဲတွေဖြစ်နေတယ်၊ ထပ်ပြီးတိုက်ပွဲတွေဆက်ဖြစ်နေရင်တော့ အဲဒီရွာသားတွေ လည်း ထပ်ပြီးထွက်ပြေးလာနိုင်ပါတယ်”လို့ ဦးသင်္ခါကျော်က ပြောပါတယ်။

လက်ရှိမှာတော့ သလူချောင်းကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေဖြစ်တဲ့ ကျွန်းသာယာ၊ ပညာဝ၊ ချင်းမဝန်တောင်း၊ ခရုမော်ပတ် စတဲ့ကျေးရွာသားတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးနေကြတာဖြစ်ပါတယ်။

အဲဒီကျေးရွာသားတွေဟာ ယိုးချောင်းအတွင်းက ကန်ဇောက်၊ တောင်မင်းကုလားရွာ၊ သူလချောင်း၊ ငစရိုင်းကိုင်း ကျေးရွာတွေမှာ ခိုလှုံနေကြတာဖြစ်ပြီး အဲဒီစစ်ဘေးရှောင်တွေအတွက် ရိက္ခာပို့ဆောင်ပေးရေးအဖွဲ့တွေကို တောင်မင်းကုလားရွာအထိပဲ သွားလာခွင့်ပြုထားတာဖြစ်ပြီးတော့ ယိုးချောင်းအထက်ပိုင်းကို ရိက္ခာနဲ့သွားရောက်ခွင့် တားမြစ်ထားတာလည်းဖြစ်ပါတယ်။

#voiceofmyanmar#ယိုးချောင်းအထက်ပိုင်း#တိုက်ပွဲတွေဆက်ဖြစ်နေ#

Related posts

Leave a Comment

VOM News

FREE
VIEW