ရိက္ခာပိတ်ဆို့ခံနေရတဲ့ စစ်ဘေးရှောင်တွေနဲ့ ကျေးရွာသားတွေ အခက်ခဲရှိနေ

ကျောက်တော်၊ ဒီဇင်ဘာ ၂၈-၂၀၁၈
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေလိုအပ်လျက်ရှိနေပြီး အဲဒီထဲကတချို့ကျေးရွာတွေကို ရိက္ခာပို့ဆောင်ခွင့်မရရှိတဲ့အတွက် အခက်အခဲနဲ့ ကြုံတွေ့နေကြရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မြို့နယ်လေးခုအတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေက တချို့ကျေးရွာတွေမှာ ရွာသားတွေမနေရဲတဲ့အတွက် ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။

“စစ်ဘေးရှောင်တွေကတော့ ထပ်တိုးလာနေပါတယ်။ အဓိကကတော့ အကူအညီတွေလိုအပ်နေတယ်။ ပိတ်ဆို့ထားတာတွေမလုပ်ဖို့နဲ့ အဲဒီလူတွေစားရေးသောက်ရေးအတွက် အဆင်ပြေအောင် တပ်မတော်အနေနဲ့ လမ်းဖွင့်ပေးဖို့လိုပါတယ်”လို့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံ ကပြောပါတယ်။
ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းဒေသကို ရိက္ခာသယ်ယူပို့ဆောင်ခွင့်မပြုတဲ့အတွက် စစ်ဘေးရှောင်တွေ အပြင် ဒေသခံတွေပါ စားရေးသောက်ရေး အခက်အခဲတွေရှိနေကြတာဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပိုမိုဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာသူတွေ ထပ်တိုးလာနေပြီး မြို့နယ်လေး ခုအတွင်းက ကျေးရွာ ၇ ရွာမှာ စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်အထိရှိနေပြီဖြစ်ပါတယ်။

“တိုက်ပွဲတွေက ပြီးခဲ့တဲ့ရက်အထိကို ဖြစ်ပွားနေတယ်။ ဒေသခံတွေကမနေရဲဘူး။ ဒေသအာဏာပိုင်တွေကလည်း ပြန်ခိုင်းတာရှိတယ်။ ပြန်သွားဖို့ကအခက်အခဲတွေရှိပါတယ်။ အဲဒီလူတွေကို ပြန်သွားလို့ရှိရင် ရိက္ခာတွေယူသွားခွင့် မပြုတာဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာလည်းရောက်တာပေါ့။”လို့ ဦးခိုင်ကောင်းစံ ကပြောပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးကျေးရွာမှာ ၃၉၂ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်းပုန်းတန်းကျေးရွာမှာ ၃၃၅ ဦး၊ ကျောက်တော်မြို့နယ် ကန်ဇောက်ကျေးရွာမှာ ၄၅၉ ဦး၊ တောင်မင်းကုလားရွာမှာ ၇၁၃ ဦး၊ သလူချောင်းကျေးရွာမှာ ၈၀ ဦး၊ ငစရိုင်းကိုင်းကျေးရွာမှာ ၁၂၃ ဦးနဲ့ ရသေ့တောင်မြို့နယ်မှာ ၁၀၀ ကျော်တို့ ခိုလှုံနေကြတာဖြစ်ပါတယ်။

#voiceofmyanmar#ရိက္ခာမရတဲ့#စစ်​​ဘေး​ရှောင်​​တွေခက်​ခဲ​နေ#

Related posts

Leave a Comment

VOM News

FREE
VIEW