ကျပ်ငွေ(၁၀၀)ဘီလီယံကျော် ရင်းနှီးမြုပ်နှံထားတဲ့ မိုးထိမိုးမိ သတ္တုမိုင်းအတွင်း တရားမ၀င် ခိုးယူတူးဖော်မှု လာဘ်ပေးလာဘ်ယူမှုတွေရှိနေ

နေပြည်တော်၊ဇန်နဝါရီ ၆-၂၀၁၉

ဒီပ(နေပြည်တော် VOM)

တိုင်းရင်းသား လုပ်ငန်းရှင်းများရဲ့ ငွေကြေးအရင်းအနှီးများ နိုင်ငံသားပိုင် ကမ္ဘောဇဘဏ်ကနေ ချေးငွေများနဲ့ ကျပ်ငွေ(၁၀၀)ဘီလီယံကျော် ရင်းနှီးမြုပ်နှံထားတဲ့ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက်(A)အတွင်းမှာတော့ တရားမ၀င် ရွှေးခိုးတူးဖော်မှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတယ်လို့ ရွှေမိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းချစ်က သတင်းထောက်များကို ပြောပါတယ်။

“ ပိတ်သိမ်းပြီးကတည်းက ခိုးတူးမှုတွေရှိတယ် ကျွန်တော်ကိုယ်တိုင် မြို့ကိုသွားပြီး အမှုဖွင့်ပေးရတာရှိတယ် သူတို့ဘာသာ ပြန်လွှတ်ပေးတာတွေရှိတယ် ကျွန်တော်တို့လည်း မ၀င်ရဘူး သူတို့နဲ့အဆင်ပြေတဲ့သူ ရှိခဲ့ရင်လည်း ၀င်ထွက်လို့ရတယ် ပေးကြေးတွေနဲ့ တစ်နာရီကိုဘယ်လောက် တစ်ရက်တစ်ညကို ဆယ်နှစ်သိန်း ဆယ်ငါးသိန်း ပေးကမ်းမှုတွေကို ကြားနေရတယ်” ဟု ဦးဝင်းချစ်က ပြောပါတယ်။

လုပ်ကွက်(A)အတွင်း တရားမ၀င် ရွှေသတ္တု ခိုးယူတူးဖော်မှုနဲ့ပတ်သက်ပြီး အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီလီမီတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးကတော့ မိမိတို့ရဲ့ လုပ်ကွက်အတွင်း တရားမ၀င် လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့(၈)ဖွဲ့ရှိပြီး နေ့ည လူအင်အား(၄၀၀)လောက်နဲ့ လူဦးရေအကန့်အသတ်ထားပြီး ငွေကျပ်သုံးဆယ့်ငါးသိန်းကနေ ကျပ်ငွေသိန်း(၅၀)အထိ ပေးကမ်းလုပ်ဆောင်နေတယ်လို့ ဇန်န၀ါရီ(၅)ရက်နေ့က သတင်းထောက်များကို ပြောဆိုခဲ့ပါတယ်။

မိုင်းလုပ်ငန်း ပိတ်သိမ်းခဲ့တာကြောင့် သတ္တုတူးဖော်လုပ်ကွက် အနီးမှာရှိတဲ့ စာသင်ကျောင်းမှာလည်း မိဘတွေရဲ့ အလုပ်အကိုင် စားဝတ်နေရေး အခြေအနေကြောင့် ရွှေ့ပြောင်းစာသင် ကျောင်းသားဦးရေမှာတော့ လျော့ကျသွားကြောင်း ကျောင်းဆရာတစ်ဦးက ပြောကြားခဲ့သလို မိုင်းမြို့ဈေးမှာတော့ အရင်လို စည်စည်ကားကား မရှိတော့ပဲ မိုင်းလုပ်ငန်း ပြန်ဖွင့်မယ့်အရေး စောင့်မျှော်နေရတယ်လို့ ဈေးသည်များက ပြောပါတယ်။

အစိုးရက အခုလိုပိတ်သိမ်းခဲ့တာကြောင့် ဒေသတွင်း မတည်ငြိမ်မှု အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု နိုင်ငံတော်ရဲ့ ရသင့်ရထိုက်တဲ့ ဘဏ္ဍာငွေများ ဆုံးရှုံးနေမှုနဲ့ မြန်မာနိုင်ငံအတွင်း အကြီးဆုံးမိုင်းဖြစ်တဲ့ ဒေသကို နည်းပညာအပိုင်းမှာ နှောင့်နှေးကြန့်ကြာစေမှာဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုများ ဆုံးရှုံးသွားနိုင်တယ်လို့ မိုင်းလုပ်ငန်းကျွမ်းကျင်သူ ဦးမိုးကောင်းက ပြောပါတယ်။

“အခု အဲ့ဒီဘက်ဒေသက ထုံးစံအတိုင်းပေါ့ တရားမ၀င် လုပ်ကွက်လေးတွေက ဘေးပတ်ဝန်းကျင်ကို ၀င်တာတွေလည်းရှိတယ် မကြာခဏ ဖမ်းဆီးမိတာတွေလည်းရှိတယ် တူးဖော်တင်မဟုတ်ဘူး တရားမ၀င် ပစ္စည်းတွေကိုလည်း ယူတာတွေရှိနေတယ် ကျွန်တော်တို့မှာလည်း ရှိတဲ့ဝန်ထမ်းအင်အားနဲ့ မလုံလောက်ဘူး အဓိက ထိန်းသိမ်းဖို့ ခက်ခဲလာတယ် ဒါကြောင့် ၀န်ကြီးရုံးကနေတဆင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ညှိနှိုင်းအကြောင်းကြားတာရှိတယ် ကျွန်တော်တို့ဌာနကလည်း ရမည်းသင်းကနေ ၁၄၄ထုတ်ဖို့ အကြောင်းကြားထားပါတယ်”ဟု ဦးသံဒိုင်ကပြောသည်။

#voiceofmyanmar #မိုးထိမိုးမိ#ရမည်းသင်း

Related posts

Leave a Comment

VOM News

FREE
VIEW