ဖျက်သိမ်းမယ်လို့ အာမခံထားတဲ့ ဒုံးပျံစခန်းကို မြောက်ကိုရီးယား ပြန်လည်ပြုပြင်နေ

ဝါရှင်တန်၊ မတ်-၆ -၂၀၁၉

မျိုးဆက် (VOM)

 

မြောက်ကိုရီးယားနိုင်ငံက ဖျက်သိမ်းမယ်လို့ အာမခံထားတဲ့ ဒုံးပျံပစ်လွှတ်စင်တစ်ခုကို ပြန်လည်ပြုပြင် နေတာကို ဂြိုဟ်တုပုံရိပ်တွေအရ တွေ့ရှိထားတယ်လို့ အမေရိကန် စောင့်ကြည့်လေ့လာရေး သုတေသနအဖွဲ့နှစ်ဖွဲ့နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးတွေက ပြောပါတယ်။

 

နျူကလီးယားစွန့်လွှတ်ရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက်တစ်ရပ်မရရှိဘဲ ပြီးဆုံးသွားခဲ့တဲ့ အမေရိကန် နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့အကြား ဆွေးနွေးပွဲအပြီး နှစ်ရက်အကြာမှာ ဒုံးပျံပစ်လွှတ်စင်ကို ပြန်လည်ပြုပြင်တည်ဆောက်နေတဲ့ ပုံရိပ်တွေကို ဂြိုဟ်တုကနေဖမ်းယူရရှိခဲ့တာဖြစ်ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံ တောင်ချန်ရီ ဒေသမှာရှိတဲ့ စမ်းသပ်စခန်းကို ဂြိုဟ်တုလွှတ်တင်တာတွေနဲ့ ဒုံးပျံအင်ဂျင်စမ်းသပ်ခြင်းတို့ အတွက်အသုံးပြုခဲ့ပြီး တိုက်ချင်းပစ်ဒုံးပျံများ ပစ်လွှတ်စမ်းသပ်တာတွေတော့ ပြုလုပ်ခဲ့တာမရှိပါဘူး။

 

အဆိုပါ ဒုံးပျံစမ်းသပ်စခန်းကို လွန်ခဲ့တဲ့နှစ်က စတင်ဖျက်သိမ်းဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား ဆွေးနွေးပွဲတွေရပ်ဆိုင်းနေခဲ့တာကြောင့် ဖျက်သိမ်းရေးလုပ်ငန်း ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။ ဤအတောအတွင်း မြောက်ကိုရီးယားက နျူကလီးယားစွန့်လွှတ်ရေး လုပ်ဆောင်တာမရှိဘူးဆိုရင် အရေးယူပိတ်ဆို့မှုတွေနဲ့ ပိုမိုရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန်က သတိပေးပြောဆိုထားပါတယ်။

 

တောင်ချန်ရီဒေသရှိဆိုဟေး စမ်းသပ်စခန်းဟာ ၂၀၁၂ ခုနှစ်ကတည်းက မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုပစ်လွှတ်တဲ့ အဓိက စမ်းသပ်စခန်းတစ်ခုဖြစ်ခဲ့ပြီး အမေရိကန်အထိရောက်ရှိနိုင်တဲ့ ဒုံးပျံအတွက် အင်ဂျင်တွေစမ်းသပ်ရာမှာလည်း အသုံးပြုခဲ့ပါတယ်။

 

Ref : Reuters/ BBC

 

 

Related posts

Leave a Comment

VOM News

FREE
VIEW