တောင်ကလေးထောင်အတွက် သိမ်းဆည်းမြေများ ပြန်ရရေး ခက်ခဲနေ

ဘားအံ၊ မေ ၂၆၊ ၂၀၁၉

သစ်တော်(VOM)

 

ကရင်ပြည်နယ်၊ တောင်ကလေး အကျဉ်းထောင်အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ပြည်ထဲရေးဝန်ကြီးဌာနကနေ သိမ်းထားခဲ့တဲ့ လယ်ယာမြေတွေကို ပြန်လည်ရရှိဖို့အရေး အခုချိန်ထိ အခက်အခဲတွေ ရင်ဆိုင်နေရဆဲပဲဖြစ်တယ်လို့ ဒေသခံ လယ်သိမ်းခံတောင်သူတွေက ပြောပါတယ်။

 

ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိတဲ့ အကျဉ်းဦးစီးဌာနကနေ တောင်ကလေးထောင်အတွက် အသုံးချဖို့ဆိုပြီး တောင်သူ ၁၅ ယောက်ပိုင်ဆိုင်တဲ့ လယ်မြေ ၅၂ ဧကကို သိမ်းဆည်းခဲ့တာ ၁၀ နှစ်ကျော်ခဲ့ပြီး၊ ဒီလယ်မြေတွေကို ပြန်ရဖို့ အထက်အဆင့်ဆင့်ကို စာတင် တောင်းဆိုခဲ့တာဟာလည်း ၁၀ နှစ်ကျော်ခဲ့ပြီဖြစ်လို့ စားဝတ်နေရေး အခက်တွေ့နေရတယ်လို့ တောင်သူတွေက ဆိုပါတယ်။

 

”အခက်အခဲတွေ အမျိုးမျိုးရင်ဆိုင်ရတယ်အခုဆိုရင် ဒီလယ်လေးတစ်ကွက်ပဲရှိတယ်ဒါလေးကိုပဲ မျှော်ကိုးပြီးနေနေတာခုချိန်ထိအိမ်လည်းမရှိစားစရာလည်းမရှိဆိုတော့ဒီအခက်အခဲတွေကို ရင်ဆိုင်နေရတာကရင်ပြည်နယ်အစိုးရကတို့ကို မကယ်တင်နိုင်ဘူးလား လို့မေးချင်ပါတယ်” လို့နစ်နာသူတောင်သူအဘွားအိုတစ်ဦးက ပြောပါတယ်။

 

သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရရေးအတွက် လယ်သိမ်းခံတောင်သူတွေဟာ ဒီနေ့မနက်ပိုင်းမှာ ဘားအံမြို့ပေါ်မှာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

အခြားနေရာတွေမှာ ပြည်ထဲရေးဝန်ကြီးဌာနက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပြန်လည်စွန့်လွှတ်နေပေမယ့်၊ တောင်ကလေးထောင်အတွက် သိမ်းဆည်းထားတဲ့ လယ်မြေတွေအတွက်တော့ အကြောင်းပြန်ကြားမှု တစုံတရာ မရှိဘူးလို့တောင်သူတွေက ဆိုပါတယ်။

 

ဒါကြောင့် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို မူလတောင်သူတွေဆီ ပြန်ပေးဖို့ စိစစ်ပေးရေး၊ လယ်ယာမြေတွေ ပြန်လည်စွန့်လွှတ်တဲ့ အစီစဉ်တွေမှာ နိုင်ငံတော် သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပေးရေးတို့ကို ပြည်နယ်အစိုးရနဲ့ အကျဉ်းဦးစီးဌာနကို ဆန္ဒထုတ်ဖော် တောင်းဆိုရတာဖြစ်တယ်လို့ ဆန္ဒပြတောင်သူတွေက ဆိုပါတယ်။

 

ဒီလိုသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ ဒီနေ့အထိ မူလဦးပိုင်အမည်ပေါက်လယ်ပိုင်ရှင်ရှိပါလျက်    နိုင်ငံတော် သမ္မတရဲ့  အမိန့်ညွှန်ကြားချက်တွေကို ဆနိ့်ကျင်ဆောင်ရွက်တာတွေ ရှိနေပြီး ပြည်ထဲရေးနဲ့ ပတ်သတ်ပြီးတော့အစိုးရအနေနဲ့  ချူပ်ကိုင်ထားနိုင်မှု အားနည်းနေတယ်လို့ ၈၈ကရင်မျိုးဆက်ကျောင်းသားများ လူမှုဖွံဖြိုးရေးအသင်းက ဝေဖန် ပြောဆိုပါတယ်။

 

 

” ပြည်နယ်အစိုးရ မှန်မှန်ကန် လိုက်ပါ ဆောင်ရွက်မှု အားနည်းနေတယ်။ ဒါကလည်း အောက်ခြေက လိမ်တဲ့ဟာကိုမိမိတို့အနေနဲ့ သီးခြားကော်မတီတွေဖွဲ့မစည်းပေးနိုင်ပဲ အောက်ခြေကပြောတဲ့အတိုင်းလိုက်ပါဆောင်ရွက်နေတယ်။ ပြည်ထဲရေးနဲ့ ပတ်သတ်ပြီးတော့အစိုးရအနေနဲ့ချူပ်ကိုင်ထားနိုင်မှုမှုအားနည်းနေတယ်”လို့ ဘားအံမှာ လုပ်ခဲ့တဲ့ လယ်သိမ်းခံ လယ်သမားတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာဗဟိုဥက္ကဌဦးစောမောင်ကြီးက ပြောပါတယ်။

 

 

”သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ကလည်း နေရာတကာ မရောက်နိုင်ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေ ကွင်းဆင်းဆောင်ရွက်မှု အားနည်းတဲ့အတွက်ဒီနေ့ပြသနာတွေ မပြီးဆုံးသေးတာဖြစ်တယ်။ မှန်မှန်ကန်ကန်မဆုံးဖြတ်နိုင်သေးတာဖြစ်တယ်တင်မြောက်ထားတဲ့ရပ်ကျေး လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့တွေနဲ့ ဆောင်ရွက်တယ်ဒီအဖွဲ့တွေ မရိုးသားရင်လယ်ယာမြေ ပြဿနာ မပြီးဆုံးဘူး။ တကယ်အဲ့အဖွဲ့တွေ ရိုးသားခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံမှာ ဒီလောက်ထိ လယ်ယာမြေပြသနာတွေ မဖြစ်ဘူး” လို့သူက သုံးသပ်ပြောဆိုပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW