မိုးညိ၊ ဇွန် – ၁ – ၂၀၁၉
မိုးယံ (VOM)
ကျေးရွာ ၇ ရွာက လူဦးရေ ၂၅၀၀ ဝန်းကျင်လောက် မှီခိုအားထားနေရတဲ့ ကရင်ချောင်းကုန်း ကျန်းမာရေးစင်တာ ပြန်လည်ချထားပေးဖို့ ဒေသခံရာနဲ့ချီပြီး ဒီနေ့ မနက်က မိုးညိုမြို့နယ်မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
“၂၀၁၅ ခုနှစ်ကတည်းက ကျန်းမာရေး ဆရာမတွေနဲ့ ဆေးကုသစောင့်ရှောက်မှုခံလာတာ ငါးနှစ်ရှိပါပြီ။ ဒီနေ့ဒီချိန်ကျမှ ပြောင်းလဲမှုတွေ ဖြစ်လာတယ်။ တခြားဆေးခန်းကို ရွှေ့တယ်၊ ကျမတို့ကတော့ မူလ ကရင်ချောင်ကုန်း ကျန်းမာရေးစင်တာဘဲ ပြန်လိုချင်တဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်။” လို့ ဒေသခံ ဒေါ်ညိုက ပြောပါတယ်။
ကရင်ချောင်းကုန်း ကျန်းမာရေးစင်တာကို ၂၀၁၄ ခုနှစ်လောက်မှာ အရင်အစိုးရက ချထားပေးခဲ့တာဆိုပေမယ့် ပြည်ထောင်စုအမည် မပေါက်တဲ့အတွက် လက်ရှိမှာ အဲဒီ ကျန်းမာရေးစင်တာကို ပိတ်ထားပြီး နှစ်မိုင်လောက်အကွာမှာရှိတဲ့ နေရာမှာ ကျန်းမာရေးဌာနခွဲကို ဖွင့်လှစ်ပေးထားပါတယ်။
ဒါပေမယ့် အဲဒီပိတ်လိုက်တဲ့ မူလကျန်းမာရေးစင်တာ တည်နေရာကသာ ငကျီး၊ လှေချောင်း၊ ကရင်ချောင်ကုန်း၊ ရွာသစ်ကုန်း၊ တောရကျောင်း၊ သက်ရင်းကုန်း၊ မြောက်တောင်ယာတော ကျေးရွာတွေက ဒေသခံတွေအတွက် အဆင်ပြေနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကလည်း ပဲခူးတိုင်းအစိုးရအဖွဲ့နဲ့ပဲခူးမြို့မှာ သွားရောက်ဆွေးနွေးခဲ့ပေမယ့် ဖြေရှင်းပေးမှု မရတာကြောင့် ခုလို ဆန္ဒထုတ်ဖော်ရတာလို့ ဆိုကြပါတယ်။
ဒါ့အပြင် ကရင်ချောင်းကုန်း ကျန်းမာရေးစင်တာကို ရွှေ့ပြောင်းတာနဲ့ ပတ်သက်လို့ ပြည်သူ့မျက်နှာမကြည့်ဘဲ သြဇာသုံးဆောင်ရွက်တယ်ဆိုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုလည်း ပြစ်တင်ပြောဆိုမှုတွေ ရှိပါတယ်။
“ပြီးခဲ့တဲ့ အစိုးရကချပေးတာပါ၊ နေရာလွဲမှားပြီး ချပေးတာပါ။ ကျနော်ကနေ မလျော်သြဇာ သုံးပြီး လုပ်တယ်ဆိုတာ မဟုတ်ပါဘူး၊ ဒါစွပ်စွဲတာပါ။ ပြည်ထောင်စု အမည်ပေါက်တာက အခုဆေးခန်းအသစ် ကရင်ချောင်း ကျေးလက်ကျန်းမာရေးစင်တာပါ။” လို့ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းက ပြောပါတယ်။
၂၀၁၅ခုနှစ်တည်းက တရားဝင်ချထားပေးခဲ့သော ကရင်ချောင်းကုန်း ကျေးလက်ကျန်းမာရေးစင်တာ ပြန်လည်ချထားပေးရန် နဲ့ ကျန်းမာရေးဝန်ထမ်းပြန်လည်ခန့်ထားပေးရေး (ဒို့အရေး )၊ ပြည်သူအချင်းချင်းစိတ်ဝမ်းကွဲအောင် ဥပဒေကို မျက်ကွယ်ပြု ဆောင်ရွက်နေသော မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း(အလိုမရှိ) စတာတွေကို ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
မိုးညိုမြို့ ဗိုလ်ချုပ်ကြေးရုပ်ကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနရှေ့ လှည့်လည်ပြီး လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ မူလကျန်းမာရေးစင်တာကို ဆယ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်မပေးပါက ဆက်လက် ဆန္ဒထုတ်ဖော်သွားမယ်လို့ ဒေသေခံတွေက ပြောပါတယ်။
#voiceofmyanmar #ကျေးရွာခုနစ်ရွာလောက်မှီခိုနေတဲ့ကျန်းမာရေးစင်တာပြောင်းရွှေ့တဲ့အပေါ်မကျေနပ် #ဆန္ဒထုတ်ဖော် #ပဲခူး #မိုးညို