တရုတ်ကို ဆန်တန်ချိန်တစ်သောင်း တစ်လခွဲအတွင်း တရားဝင် တင်ပို့မယ်

ရန်ကုန်၊ ဇွန် – ၂- ၂၀၁၉

သူရိန်(VOM)

 

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်ပစ္စည်းဖလှယ်တဲ့ခေါင်းစဉ်နဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ဂိုထောင်တွေမှာ လှောင်ထားရတဲ့ ဆန်တွေထဲက ဆန်တန်ချိန်တစ်သောင်းကို တစ်လခွဲအတွင်းမှာ တရားဝင်တင်ပို့မယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်  သိရပါတယ်။

 

တရုတ်ဘက်က လုံခြုံရေးတင်းကြပ်ပြီး အဖမ်းအဆီးတွေလုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံက ကုန်ပစ္စည်းတင်သွင်းမှုကို ငါးလကျော်ရပ်နားထားရတဲ့အတွက် မူဆယ်ကုန်သွယ်ရေးဇုန်မှာ ဆန်တန်ချိန်ငါးသောင်းလောက် ပိတ်မိနေတာဖြစ်ပြီး အဲဒီထဲက တန်ချိန်တစ်သောင်းကို တစ်လ ဒါမှမဟုတ် ၄၅ ရက်အတွင်း တရားဝင်တင်ပို့ဖို့ ခွင့်ပြုခဲ့တာပါ။

 

နယ်စပ်ဒေသမှာ ပထမဆုံးဆန်တန်ချိန်​ တရားဝင် တင်ပို့နိုင်​ဖို့အတွက်​ တရုတ်နိုင်ငံ ကူမင်းပြည်နယ်အစိုးရနဲ့ မေလ ၃၁ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီမှုရခဲ့တာပါ။

 

“အရင်​က မြန်မာနိုင်ငံက ဆန်ကို မူဆယ် ၁၀၅ မိုင်ကတစ်ဆင့် တရားမဝင် တင်ပို့နေရတာ။ အခုစာချုပ်ချုပ်ဆိုတာက နယ်စပ်က ပထမဆုံးအကြိမ် တရားဝင် တင်ပို့နိုင်တာပါ။ မူဆယ်မှာ ပိတ်နေတဲ့ ဆန်တွေကို ပါမစ်နဲ့ဝယ်တာ။ တန်ချိန်တစ်သောင်းက ငွေနဲ့ပဲဝယ်မှာ။ ကုန်စည်ဖလှယ်တဲ့ခေါင်းစဉ်နဲ့ဆိုပေမယ့် သူတို့ဘက်က ပစ္စည်းတွေပြန်မသွင်းသေးဘူး။” လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောပါတယ်​။

 

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်ပစ္စည်းဖလှယ်မယ့်ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံက လယ်ယာထွက်ကုန်​တွေတင်ပို့မှာဖြစ်ပြီး တန်ဖိုးနဲ့ညီမျှမှုအတိုင်း   တရုတ်နိုင်ငံဘက်ကလည်း ဆောက်လုပ်ရေးပစ္စည်း၊ လယ်ယာလုပ်ငန်းသုံးပစ္စည်း၊ သံနဲ့သတ္ထုပစ္စည်း​တွေ ပြန်လည်တင်သွင်းဖို့စီစဉ်ထားတာ ဖြစ်​ပါတယ်​။

 

 

#voiceofmyanmar # တရုတ်ကိုဆန်တန်ချိန်တစ်သောင်းတစ်လခွဲအတွင်းတရားဝင်တင်ပို့မယ် #ရန်ကုန်

 

Related posts

Leave a Comment

VOM News

FREE
VIEW