အထည်ချုပ်စက်ရုံမှာ သပိတ်စခန်းဖွင့်ထားတဲ့အလုပ်သမားတွေ ဒီနေ့မှာ အလုပ်ရှင်နဲ့ တွေ့ဆုံဆွေးနွေးမယ်

 

 

ရန်ကုန်၊ ဇွန် ၅ – ၂၀၁၉

သိင်္ဂီ (VOM)

 

ပြီးခဲ့တဲ့ရက်ပိုင်းက Myan Mode အထည်ချုပ်စက်ရုံမှာ  သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ လက်ရှိအလုပ်လုပ်နေတဲ့ အလုပ်သမားတွေကြား ပဋိပက္ခဖြစ်ပွားခဲ့ရာကနေ  ဆန္ဒပြအလုပ်သမား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ကိစ္စအပါအဝင် ကနီဦးတောင်းဆိုချက်တွေရရှိဖို့ ဒီနေ့မှာ အလုပ်ရှင်နဲ့တွေ့ဆုံသွားမယ်လို့ အဲဒီအလုပ်သမားတွေဆီက သိရပါတယ်။

 

ရန်ကုန်မြို့ ရွှေလင်ဗန်းစက်မှုဇုန်အတွင်းက Myan Mode အထည်ချုပ်စက်ရုံမှာ ဇွန်လ ၃ ရက် ညနေပိုင်းက စက်ရုံကို သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ လက်ရှိအလုပ်ဝင်နေတဲ့အလုပ်သမားတွေ ပဋိပက္ခဖြစ်ပွားခဲ့ရာက ထိခိုက်ဒဏ်ရာရှိသူတွေအတွက် စက်ရုံကဖြေရှင်းပေးဖို့နဲ့ ရက်မှန်ကြေး မဖြတ်တောက်ရေး၊ all super  leader တွေအနေနဲ့ အလုပ်သမားတွေအပေါ်ဖိနှိပ်ခိုင်းစေခြင်း မပြုလုပ်ဖို့၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တဲ့ အင်ဒိုနီးရှား နိုင်ငံသားကို အလုပ်ကနေ ထုတ်ပယ်ဖို့ အပါအ၀င် အချက် ၁၂ ချက်ကို တောင်းဆိုထားတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ဖြစ်ပါတယ်။

 

“မနေ့က ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်ရဖို့စောင့်ဆိုင်းခဲ့ပေမယ့် တွေ့ခွင့်မရရှိခဲ့ပါဘူး။ ဒီနေ့တော့ ဆက်စောင့်ဖို့မရှိပါဘူး၊ ခုမနက်မှာတော့ အလုပ်ရှင်ဘက်ကို တောင်းဆိုထားတဲ့အချက်တွေနဲ့ပတ်သက်ပြီး စာချုပ်ချုပ်ဖို့ လုပ်ပေမယ့် အလုပ်ရှင်ဘက် မရောက်လာပဲ HR မန်နေဂျာပဲ ရောက်လာလို့ ကျနော်တို့ဘက်ကနေ မချုပ်သေးပါဘူး။ အလုပ်ရှင်ကိုယ်တိုင်လာဖို့ စာနဲ့ခေါ်ထားပါတယ်။ ကိုယ်တိုင်သဘောတူညီကြောင်း စာချုပ်လာချုပ်ပေးဖို့ပေါ့။” လို့ Myan Mode အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုရဲရင့်က ပြောပါတယ်။

 

အလုပ်သမားအချင်းချင်း ရန်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရှိသူတွေအတွက် အရေးယူပေးဖို့ ရဲစခန်းကို တိုင်ကြားခဲ့ပေမယ့်လည်း အရေးယူမှုမရှိတာကြောင့် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံခွင့် ရဖို့ သပိတ်စခန်းဖွင့်ခဲ့တဲ့အလုပ်သမားတွေဟာ မနေ့ ဇွန် ၄ ရက်က ညနေပိုင်းထိ တိုင်းအစိုးရရုံးရှေ့စောင့်ဆိုင်းခဲ့ကြပေမယ့် တွေ့ဆုံခွင့် မရခဲ့ဘူးလို့ ဆိုတာပါ။

 

“ဒါဟာရဲအရေးပိုင်ဖြစ်ပေမယ့် အရေးယူတာမရှိတာကြောင့် ဝန်ကြီးချုပ်နဲ့တွေ့ဖို့ စောင့်ဆိုင်းတာဖြစ်တယ်။” လို့ ကိုရဲရင့်က ပြောပါတယ်။

 

စက်ရုံရဲ့ GM နဲ့ မန်နေဂျာက အလုပ်သမားအချင်းချင်းပြသနာဖြစ်အောင် ရန်တိုက်ပေးတာကြောင့် အခုလို ပဋိပက္ခဖြစ်ကြရတာလို့ စွပ်စွဲပြောဆိုကြပါတယ်။  ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ အလုပ်သမား ၁၀ ဦးကတော့ လက်ရှိမှာ  စိုးရိမ်စရာ မရှိတော့ဘူးလို့ သိရပါတယ်။

 

ဒီပဋိပက္ခ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လှိုင်သာမြို့နယ်ရဲစခန်းကို ဆက်သွယ်စုံစမ်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားပေးမယ့်သူ မရှိခဲ့ပါဘူး။

 

သပိတ်စခန်းကိုတော့ မေ ၂၈ ရက်ကနေ စတင်ခဲ့တာဖြစ်ပြီး ဇွန် ၃ ရက်ကနေ ဒီကနေ့ထိမှာတော့ ၂၄ နာရီသပိတ်စခန်းအဖြစ် ပြောင်းလဲဖွင့်လှစ် ဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။

 

ဒီ Myan Mode အထည်ချုပ်စက်ရုံမှာ အလုပ်သမားပေါင်းက ၁၃၀၀ ကျော်ရှိပြီး သပိတ်စခန်းဖွင့်ဆန္ဒပြနေတဲ့ အလုပ်သမားက ၆၀၀ ဝန်းကျင်ရှိနေပါတယ်။

 

လက်ရှိအခြေအနေအရ အလုပ်ရှင်နဲ့ဆွေးနွေးနိုင်ဖို့ စောင့်ဆိုင်းနေသလို အလုပ်သမားတွေကိုထိခိုက်စေတဲ့ တရားခံတွေကိုလည်း ဥပဒေအရ အရေးယူသွားဖို့ ရှိတယ်လို့သိရပါတယ်။

 

#voiceofmyanmar # အထည်ချုပ်စက်ရုံမှာသပိတ်စခန်းဖွင့်ထားတဲ့အလုပ်သမားတွေနဲ့အလုပ်ရှင်နဲ့ တွေ့မယ်     #ပဋိပက္ခ  # ရွှေလင်ဗန်းစက်မှုဇုန် # Myan Mode အထည်ချုပ်စက်ရုံ #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW