ဈေးကွက် မျှတစွာယှဉ်ပြိုင်မှုမရှိတဲ့ လုပ်ငန်းရှင်​တွေကို မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်မှာ တိုင်ကြားနိုင်

ရန်​ကုန်​ ၊ ​ဇွန်​  ၅ – ၂၀၁၉

သူရိန် (VOM)

 

ယှဉ်ပြိုင်မှု ဥပဒေအရ ဈေးကွက်မှာ မျှတစွာ ယှဉ်ပြိုင်မှုမရှိတဲ့ လုပ်ငန်းရှင်​တွေကို မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်မှာ တိုင်ကြားနိုင်​တယ်​လို့ ဇွန်လ ၃ ရက်က ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် မိတ်ဆက်ပွဲ အခမ်းအနားက​နေ သိရပါတယ်​။

 

“အဓိကတော့ ဈေးကွက်မှာ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ဖို့ လိုပါတယ်။ အကယ်၍ ချိုးဖောက်လာမယ်ဆိုရင် တိုင်ကြားမှုရှိတယ်ဆို ကော်မရှင်ကနေ စစ်ဆေးဆုံးဖြတ်ပေးရမှာပါ။ လွတ်လပ်စွာ ယှဉ်ပြိုင်တဲ့နေရာမှာလည်း ဥပဒေ၊ နည်းဥပဒေ  လုပ်ထုံးလုပ်နည်းများ သိရှိဖို့လိုပါတယ်။ အဲဒီအတိုင်းပဲ လိုက်နာကျင့်သုံးဖို့လိုပါတယ်။” လို့ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်​။

 

ဒါ့အပြင် ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့်​ ပြည်ပလုပ်ငန်းရှင်​တွေနဲ့ပါ ယှဉ်ပြိုင်လာရမှာဖြစ်တဲ့အတွက်​ဈေးကွက်အတွင်းမှာ ယှဉ်ပြိုင်မှုဥပဒေနဲ့အညီ ယှဉ်ပြိုင်ဖို့ လိုအပ်ပါတယ်​။

 

ယှဉ်ပြိုင်သူ​တွေအနေနဲ့ ဈေးကွက်အတွင်းက ထွက်သွားစေဖို့ ထုတ်လုပ်မှုကုန်ကျစရိတ်အောက် ရောင်းချခြင်းနဲ့ ၀န်ဆောင်မှုပေးတာ၊ ဈေးကွက်ပေါက်ဈေးနဲ့ ကိုက်ညီမှုမရှိတဲ့ ဈေးနှုန်းတွေ သက်မှတ်ရောင်းချတာ၊ ကုန်စည်ထုတ်လုပ် ဖြန့်ဖြူးခြင်းနဲ့ ၀န်ဆောင်မှုပေးတာ​တွေကို ကန့်သတ်ထားတာ ၊ မျှတမှုမရှိတဲ့ ယှဉ်ပြိုင်မှုဖြစ်ပေါ်စေဖို့ တပြေးညီမဟုတ်တဲ့ စည်းမျဉ်း​တွေချမှတ်တာ၊ အရောင်းအ၀ယ် စာချုပ်​တွေ ချုပ်ဆိုရာမှာ တရားမျှတမှုမရှိဘဲ လက်ခံဖို့အတင်းအကျပ်ပြုလုပ်​တာ၊ ယှဉ်ပြိုင်သူအသစ်​​တွေ ၀င်ရောက်လာတာကို မတရားတဲ့နည်းလမ်းနဲ့ တားဆီးတာ ၊အထောက်အကူပစ္စည်း​တွေကို အသုံးပြုခွင့် ငြင်းပယ်တာနဲ့ ခွဲခြားမှုပြုတာ၊ စီးပွားရေးလုပ်ငန်းအချင်းချင်း စာချုပ်သက်တမ်းမကုန်ဘဲ စာချုပ်ဖျက်ဖို့ဆွဲဆောင်တာနဲ့ မျှတမှုမရှိဘဲ ကုန်စည်တင်သွင်းပြီး ပေါက်ဈေးအောက် လျှော့ရောင်းတာ​တွေကို မပြုလုပ်ဖို့ ယှဉ်ပြိုင်မှုဥပဒေအရ တားမြစ်ထားပါတယ်​။

 

“သတိပေးတာတို့၊ သက်မှတ်ထားတဲ့ ဒဏ်ကြေးငွေပေး ဆောင်တာတို့၊ ယာယီပိတ်ခွင့်၊ အမြဲတမ်းပိတ်သိမ်းခွင့်အတွက် ၀န်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်ပါ့မယ်။ ရက် (၆၀) အတွင်း ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့သူက အယူခံဝင်ရောက်လို့ ရပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကအင်အားစုဖြစ်တဲ့ SME တွေအတွက် ကင်းလွတ်ချက်တွေ အများကြီးပါပါတယ်။ ကိုယ်က  ရိုးရိုးသားသား၊ မှန်မှန်ကန်ကန် လုပ်ဆောင်မယ်ဆိုလို့ရှိရင် အဲ့ဒီကင်းလွတ်ချက်ထဲ ပါပါတယ်။” လို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က ပြောပါတယ်​။

 

ဒါကြောင့် ဈေးကွက်အတွင်းမှာ တရားမျှတစွာ ယှဉ်ပြိုင်မှုမရှိရင်​ ပြစ်မှုထင်ရှားပါက ယှဉ်ပြိုင်မှုဥပဒေအရ ထောင်ဒဏ် (၃) လက​နေ (၃) နှစ်အထိဖြစ်စေ၊ ကျပ် (၁) သိန်းက​နေ ကျပ်သိန်း (၁၅၀) ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမယ်​လို့ ပြဠာန်းထားပါတယ်​။

 

#voiceofmyanmar # ဈေးကွက်မျှတစွာယှဉ်ပြိုင်မှုမရှိတဲ့လုပ်ငန်းရှင်တွေကိုတိုင်ကြားနိုင် #မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် # ရန်ကုန်  #

Related posts

Leave a Comment

VOM News

FREE
VIEW