ရန်ကုန်၊ ဇွန် ၂၂ -၂၀၁၉
သစ်တော်(VOM)
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်အတွင်း တည်ဆောက်နေတဲ့ City Energy လောင်စာဆီဆိုင် မဖွင့်လှစ်ရေး ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့ မနက်ပိုင်းက ပါရမီလမ်းနဲ့ ပင်းယလမ်းမှာ ရှိတဲ့ အဲဒီဆီဆိုင်ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီဆန္ဒထုတ်ဖော်ပွဲကို ရပ်ကွက်နေပြည်သူတွေပါဝင်တဲ့ ဦးဆောင်ကော်မတီက ပြုလုပ်တာဖြစ်ပြီးတော့ (၅)ရပ်ကွက်အတွင်း လှောင်စာဆီဆိုင် သိုလှောင်ဖြန့်ဖြူးရောင်းချခွင့်မပြုရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရာယ်ကြီးမားသော လောင်စာဆီဆိုင်ချက်ချင်းဖျက်သိမ်းပေးရေး၊ ပြည်သူများ မီးဘေးအန္တရာယ် မကျရောက်ဖို့ အစိုးရမှ ကာကွယ်ပေးရေးနဲ့ City Energt လောင်စာဆီဆိုင် အလိုမရှိ စာတန်းပါ ဗီနိုင်းတွေကိုင်ဆောင်ပြီး ဒို့အရေး ကြွေးကြော်သံများနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“သူများစီးပွားရေးကို အဟန့်အတားလုပ်တာ မဟုတ်ဘူး။ နောက်ဆုံးစကားပြောလိုက်မယ်။ ဦးလေးတို့ ရပ်ကွက်မှာ တခြားဘာပဲဖွင့်ဖွင့် ဖွင့်လို့ရတယ်။ ဒီလောင်စာဆီဆိုင်ကလွဲရင် အကုန်လုံး ဖွင့်လို့ရတယ်။ လောင်စာဆီဆိုင်တစ်ခုပဲ မလုပ်ပါနဲ့။ “လို့ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးကိုကိုဝေက ပြောပါတယ်။
ဒီနေ့ ဆန္ဒထုတ်ဖော်ပွဲမှာ လူဦးရေ သုံးဆယ်ဝန်းကျင်ပါဝင်ခဲ့ပြီး အဲဒီ City Energt ဆိုင် စတင်တည်ဆောက်ခဲ့တဲ့၂၀၁၇ ခုနှစ်ကတည်းက မီးဘေးအန္တရာယ်အတွက် စိတ်ပူကြတဲ့ ရပ်ကွက်နေပြည်သူတွေဟာ ပထမအကြိမ်ကန့်ကွက်ခဲ့တာလည်း ဖြစ်ပါတယ်။
#voiceofmyanmar # ဓါတ်ဆီဆိုင်ဖျက်သိမ်းပေးဖို့ရပ်ကွက်နေပြည်သူအချို့ဆန္ဒပြ #ရန်ကုန် # တောင်ဥက္ကလာပမြို့နယ် # City Energt