ပြင်ဦးလွင်က ” မေ ” စိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရ၊ ကျူးလွန်သူ တယောက်ဖမ်းမိပြီး တယောက်က ရွှေတွေနဲ့လွတ်သွား

ဧပြီ ၇ ၊၂၀၂၆
GG (VOM)
မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ ချယ်ရီလမ်းမပေါ်ရှိ ” မေ ” စိန်ရွှေရတနာဆိုင်မှာ ဒီကနေ့ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဓားပြတိုက်သူထဲက တယောက်ကိုဖမ်းမိခဲ့ပေမယ့် ကျန်တယောက်ကတော့ ရွှေထည်ပစ္စည်းတွေနဲ့အတူ လွတ်သွားတယ်လို့ သိရပါတယ်။
” မနက် ၁၁ နာရီ ခွဲကျော်လောက်မှာ သေနတ်ပြပြီး ဓားပြတိုက်တာလို့သိရတယ်။ သေနတ်နဲ့ချိန်ထားပြီး ရွှေတွေကို လုပြီး ထွက်ပြေးဖို့လုပ်တဲ့အချိန်မှာ ပိုင်ရှင်နဲ့ဝန်ထမ်းတွေ ဝိုင်းဖမ်းတော့ တယောက်ကို မိတယ်။ တယောက်ကတော့ ရွှေထုပ်နဲ့ ထွက်ပြေးသွားတယ်။ သေနတ်ပစ်ဖောက်တာမျိုးတော့မရှိဘူး။ ” လို့ ဖြစ်စဥ်သိရှိသူ ဒေသခံက ပြောပါတယ် ။
လက်ရှိမှာ ရွှေဆိုင်တွင်းဝင်ရောက်ဓားပြတိုက်သူတွေထဲက အောင်ဇော်ဖြိုးဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး ရွှေထည်တွေနဲ့အတူ ထွက်ပြေးသွားသူကတော့ ပြည်ကြီးတံခွန်မြိုနယ်နေ အောင်ကျော်ဦး ဆိုသူတို့ဖြစ်ကြောင်း လုံခြုံရေး အဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ်။
ဓားပြတိုက်မှုအတွင်းမှာ ခန့်မှန်း သိန်းသုံးထောင်လေးရာရှစ်ဆယ် ဝန်းကျင်တန်ဖိုးရှိ စိန်နားကပ်၊ စိန်ဆွဲကြိုး၊ စိန်လက်စွပ်၊ စိန်လက်ကောက်ပစ္စည်း အမျိုးအစား ၄၅ မျိုးလောက်ပါသွားတယ်လို့ ကနဦးသတင်းအရ သိရပါတယ် ။
လက်ရှိမှာ ဖမ်းဆီးရမိထားတဲ့ အမျိုးသားကိုသက်ဆိုင်ရာ နယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ အရ အမှုဖွင့်လှစ်ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရှိရပါတယ်။
၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာ ၁၂ ရက်ကလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၊ နာရီစင်အနီးရှိ “အောင်စံပယ်” စိန်ရွှေရတနာဆိုင်မှာ ဓားပြတိုက်မှုဖြစ်ပွားပြီး ဆိုင်လုံခြုံရေးဝန်ထမ်းအမျိုးသား သေဆုံးမှုရှိခဲ့ တယ်လို့သိရပါတယ်။
အဆိုပါ ဓားပြတိုက်မှု ဖြစ်စဥ်မှာလည်း ကျူးလွန်သူထဲက တယောက်ကို ဖမ်းဆီးရမိခဲ့ပြီး တယောက်က လွတ်သွားတယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW