ပိုလီယိုရောဂါသည်ကို ဆွေမျိုးတော်စပ်သူ တပ်ထိန်း ဒုတပ်ကြပ်တစ်ဦးက အဓမ္မပြုကျင့်

ပုသိမ်၊ ဇွန် ၂၅ – ၂၀၁၉

ကိုအောင် (VOM)

 

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် တောင်ယာကုန်းကျေးရွာမှာ တပ်မတော် တပ်ထိန်း ဒုတပ်ကြပ်တစ်ဦးက နှမ၀မ်းကွဲတော်စပ်သူ မသန်စွမ်း ပိုလီယိုရောဂါရှင်ကို အဓမ္မပြုကျင့်မှု ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပေါ်ခဲ့တယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က သိရပါတယ်။

 

“ဒီလို မစွမ်းမသန်လေးကို ခုလိုလုပ်တာ ရင်ထဲမှာလည်းမကောင်းဘူး။ သူ့ကိုတွေ့ရင်ကို သတ်ချင်တာ။”လို့ အဓမ္မပြုကျင့်ခံခဲ့ရသူရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

 

မွေးရာပါ မသန်စွမ်း ပိုလီယို ရောဂါရှင် အသက် ၃၂ နှစ်အရွယ် မိန်းကလေးကို မောင်နှမ၀မ်းကွဲတော်စပ်သူ အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော် တပ်ထိန်း ဒုတပ်ကြပ် မျိုးဝင်းထွန်းက ဇွန်လ ၂၃ ရက် ည ၇ နာရီဝန်းကျင်လောက်က မိသားစုဝင်တွေ အိမ်မှာမရှိခိုက် အဓမ္မ ပြုကျင့်ခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။

 

အခင်းဖြစ်ပွားတဲ့အချိန်မှာ အိမ်နီးချင်းဖြစ်သူ ဒေါ်စန်းစန်းဝင်းက ငိုသံကြားလို့ သွားရောက်ကြည့်ရှုစဉ် အိမ်အတွင်းကနေ ဂျက်ချပိတ်ထားတဲ့အတွက် အပေါက်ကနေအတွင်းကို ချောင်းကြည့်ခဲ့ရာ မျိုးဝင်းထွန်းက မိန်းကလေးကို  အဓမ္မပြုကျင့်နေတာတွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် အနီးပတ်ဝန်းကျင်က လူတွေကို အကြောင်းကြားရာ လူအများရောက်ရှိလာပြီး ကျူးလွန်သူကို ၀ိုင်းဖမ်းခဲ့ကြတာလို့ သိရပါတယ်။

 

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး ထွန်းရွှေက “တရားခံနဲ့ မောင်နှမဝမ်းကွဲ တော်စပ်ပါတယ်။ လူကြီးတွေမရှိခိုက်မှာ ဖြစ်ပွားခဲ့တာပါ။ ဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်နေပါတယ်။”လို့ အတည်ပြု ပြောဆိုပါတယ်။

 

တပ်မတော် တပ်ထိန်း ဒုတပ်ကြပ် မျိုးဝင်းထွန်းကို တပ်အချုပ်မှာ ဖမ်းဆီးထားပြီး ပုသိမ်မြို့မ ရဲစခန်းမှာ (ပ)၄၁၂/၂၀၁၉  ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် အရေးယူကာ စစ်ဆေးဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။

 

#voiceofmyanmar # ပိုလီယိုရောဂါသည်ကိုဆွေမျိုးတော်စပ်သူတပ်ထိန်းဒုတပ်ကြပ်တစ်ဦးကအဓမ္မပြုကျင့်   #ဧရာဝတီ #ပုသိမ် #တောင်ယာကုန်းကျေးရွာ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW