မလေးရှားက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေပြိုကျလို့ မြန်မာလုပ်သား လေးဦးသေဆုံး

ဂျော့တောင်း၊ ဇွန်-၂၆-၂၀၁၉

မျိုးဆက် (VOM)

 

မလေးရှားနိုင်ငံ ပီနန်ပြည်နယ် ဂျော့တောင်းခရိုင်ထဲက ဟိုတယ်မြေထိန်းနံရံတည်ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ မြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် မြန်မာအလုပ်သမား လေးဦးသေဆုံးသွားပါတယ်။

 

ဒီမတော်တဆမှုဟာ ဇွန် ၂၅ ရက် ညကိုးနာရီ လေးဆယ့်ငါးမိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေး ချက်ချင်းလုပ်ဆောင်ခဲ့ရာ ဇွန် ၂၆ ရက် မနက်လေးနာရီကျော်မှာတော့ မြန်မာလုပ်သားလေးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ Che Zaimani Che Awang က ပြောပါတယ်။

 

မြန်မာလုပ်သား လေးဦးဟာ ဟိုတယ်တစ်ခုရဲ့ မြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းခွင်ရဲ့ အလယ်လောက်မှာ အခင်းဖြစ်ပွားစဉ် ရောက်ရှိနေကြတာဖြစ်ပြီး အလောင်းတွေမှာ သံချောင်းတွေ ဖောက်ဝင်နေတာကြောင့် ခုနစ်နာရီကြာမြင့်တဲ့ ရှာဖွေရေးလုပ်ငန်းဟာ ထင်ထားတာထက် ခက်ခဲခဲ့တယ်လို့ သူက ပြောပါတယ်။

 

သူတို့ဟာ ဘယ်သူဘယ်ဝါဆိုတဲ့ အထောက်အထား စာရွက်စာတမ်းတွေ မတွေ့ရတဲ့အတွက် လက်ဗွေရာကိုအခြေခံတဲ့ သူတို့ရဲ့အချက်အလက်တွေ ရရှိအောင် မြန်မာသံရုံးနဲ့ ဆက်သွယ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ အပတ်က ဟိုတယ်အနီးမှာ မြေသားလှုပ်ရှားမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် မြေထိန်းနံရံတည်ဆောက်ဖို့ ဟိုတယ်ပိုင်ရှင်ကနေ မြန်မာလုပ်သားလေးဦးကို ငှားရမ်းခဲ့တာလို့ သတင်းတွေက ဖော်ပြထားပါတယ်။

Ref & Photo :Bernama

 

#voiceofmyanmar  # မလေးရှားကဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေပြိုကျ #မြန်မာလုပ်သား လေးဦးသေဆုံး #ဂျော့တောင်း  #  ဟိုတယ်မြေထိန်းနံရံတည်ဆောက်လုပ်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW