မန္တလေးမှာ H1N1ရောဂါကူးစက်မှုမရှိပေမယ့် ကာကွယ်ဆေးတွေ ပစ္စည်းပြတ်

မန္တလေး၊ဇွန် ၂၆-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့ပေါ်က ဆေးဆိုင်အချို့မှာ H1N1ရာသီပေါ်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးဝါးတွေ လူဝယ်မှုများပြားလာတာကြောင့် ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

 

H1N1ရောဂါပိုးရှိသူ မန္တလေးတိုင်းမှာ မတွေ့ရှိသေးပေမယ့်လည်း အခုလအတွင်း ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းမှာ အဲ့ဒီရောဂါနဲ့ သေဆုံးသူတွေရှိလာတဲ့ သတင်းတွေထွက်ပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်က ဆေးဆိုင်အချို့မှာ ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

 

” ကာကွယ်ဆေးက နှစ်မျိုးရှိတယ်၊ နယ်သာလန်ထုတ်နဲ့ ပြင်သစ်ထုတ်ဆိုပြီး ရှိတယ်။ လတ်တလော လေး၊ ငါးရက်အတွင်းမှာ ပစ္စည်းနှစ်မျိုးစလုံး ပြတ်သွားတာပေါ့။ ဆိုင်မှာ အလုံးပေါင်း ၈၀၀ လောက်ထားတယ်၊ အကုန်ကုန်နေပါတယ်။” လို့ ISO ဆေးဆိုင်ပိုင်ရှင် ဦးဝင်းမောင်ဌေးက ပြောပါတယ်။

 

ရာသီပေါ်တုပ်ကွေးရောဂါ H1N1 ကာကွယ်ဆေးတွေဖြစ်တဲ့ နယ်သာလန်နိုင်ငံထုတ် H1N1 ကာကွယ်ဆေးတစ်ဗူးကို အရင်က ၁၄၈၀၀ ကျပ်၊ ပြင်သစ်နိုင်ငံထုတ် H1N1 ကာကွယ်ဆေးတစ်ဗူးကို ၁၈၀၀၀ ကျပ်နဲ့ ရောင်းချခဲ့ပြီး လက်ရှိဈေးကွက်အတွင်းမှာတော့ လက်ကျန်ပစ္စည်း ဈေးနှုန်းတွေက နှစ်သောင်း၊ သုံးသောင်းမှ ငါးသောင်း၊ ခြောက်သောင်းထိ ဈေးမြင့်တက်မှုတွေလည်း ဖြစ်နေပါတယ်။

 

“လောလောဆယ် ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီကာကွယ်ဆေးကို တရားဝင် ထိုးခိုင်းထားခြင်း မရှိသေးပါဘူး။ တချို့က ဒီရောဂါဖြစ်မှာစိုးလို့ လာထိုးတဲ့သူတွေရှိတဲ့အတွက် အခုလက်ရှိတော့ ဆေးတွေပြတ်နေပါတယ်။ ဆေးပြတ်တဲ့ကာလမှာ ပြည်သူလူထုက တအားကြီး မစိုးရိမ်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့သတင်းတွေကိုပဲ စောင့်ကြည့်ကြဖို့ မှာချင်ပါတယ်။” လို့ ဒေါက်တာ ရဲရင့်အောင်က ပြောပါတယ်။

 

မန္တလေးမြို့မှာ ၂၀၁၇ ခုနှစ်ကလည်း H1N1ရောဂါကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိခဲ့ပြီး အဲ့ဒီနှစ်မှာလည်း နှာခေါင်းစည်းတွေနဲ့ ကာကွယ်ဆေးတွေ ရောင်းချရမှု မြင့်တက်ခဲ့တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

 

#voiceofmyanmar # H1N1ရောဂါကူးစက်မှုမရှိပေမယ့်ကာကွယ်ဆေးပစ္စည်းတွေပြတ်လပ် # မန္တလေး #ကျန်းမာရေး

Related posts

Leave a Comment

VOM News

FREE
VIEW