အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ထပ်လုပ်ဖို့ ဆွေးနွေးမှုတွေ စတင်နေ

ဆိုးလ်၊ ဇွန်-၂၆-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ နှစ်နိုင်ငံအကြား တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြတယ်လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

 

ဇွန် ၂၆ ရက်မှာ ပြည်တွင်းပြည်ပ သတင်းဌာနတွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မွန်ဂျေးအင်က အခုလို ပြောဆိုလိုက်တာဖြစ်ပြီး ဆွေးနွေးမှုတွေကို အခုနှစ်အတွင်း ဟနွိုင်းမှာပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် အမေရိကန်- မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲမှာ တာဝန်ယူခဲ့သူတွေဟာ နားလည်မှုအပြည့်နဲ့ နှစ်ဘက်အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

 

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ဆွေးနွေးပွဲလုပ်ဖို့ ဆန္ဒရှိကြောင်း စဉ်ဆက်မပြတ် ထုတ်ဖော်ပြောဆိုနေကြပြီး အပြန်အလှန် စာပေးပို့ဆက်သွယ်မှုတွေက အပြန်အလှန်ယုံကြည်မှုရှိနေတယ်ဆိုတာ ဖော်ပြနေတယ်လို့ မွန်ဂျေးအင်က ပြောပါတယ်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ပြီးခဲ့တဲ့အပတ်က ထိပ်သီးဆွေးနွေးပွဲ လုပ်ခဲ့ရာမှာ အမေရိကန်နဲ့ ပြန်လည်ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

 

ဒါပေမဲ့လည်း အမေရိကန်အနေနဲ့ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုတွေ မကြာသေးမီက တစ်နှစ် သက်တမ်းတိုးလိုက်တာဟာ ရန်လိုတဲ့  အပြုအမူတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံအကြား သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို အလုံးစုံ စိန်ခေါ်လိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇွန် ၂၆ ရက်မှာ ဝေဖန်ပြောဆိုလိုက်ပါတယ်။

Ref : SBS

Photo : Yonhap

#voiceofmyanmar  # အမေရိကန်-မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲ ထပ်လုပ်ဖို့ဆွေးနွေးမှုတွေစတင် #  # ကင်ဂျုံအန်# ရှီကျင်းပင်#ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW