ပဲခူး၊ ဇူလိုင် ၄ -၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်းမှာ H1N1 သံသယလူနာ ရှစ်ဦးအထိ ရှိလာပြီး တစ်ဦးသေဆုံးသွားပြီလို့ ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
“ပဲခူးတိုင်းအတွင်း ဆေးရုံ၊ ဆေးခန်းတွေမှာ H1N1 သံသယလူနာ ရှစ်ဦးရှိပါတယ်။ ရောဂါပိုးတွေ့ထားတာကတော့ ခြောက်ဦးပါ။ ပြည်ဆေးရုံကြီးမှာ နှစ်ဦး၊ သူတို့က အခြေအနေကောင်းပါတယ်။ ကျန်လေးဦးက ပဲခူးတိုင်းကနေ တခြားမှာ ကုနေတဲ့သူတွေပါ။ ဆက်သွယ်ချိတ်ဆက်လို့ရတဲ့ ကွန်ယက်တွေကနေ ထုတ်ပြန်ပေးလို့ သိရတာပါ။ အဲဒီလေးဦးထဲက တစ်ဦးသေဆုံးသွားပါပြီ။”လို့ ပဲခူးတိုင်း ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်က ပြောပါတယ်။
အဲဒီခြောက်ဦးဟာ ပဲခူးတိုင်းမှာနေထိုင်သူတွေဖြစ်ပြီး ပဲခူးမြို့နယ်မှာ တစ်ဦး၊ ဝေါမြို့နယ်မှာ တစ်ဦး၊ အုတ်ဖိုမြို့နယ်မှာ တစ်ဦး၊ ပြည်မြို့နယ်မှာ နှစ်ဦး၊ ရန်ကုန်မှာ ကုသနေတာ တစ်ဦးရှိ အသီးသီးကုသမှုခံယူနေရာမှာ ရန်ကုန်မြို့ ဆာကူရာဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ပဲခူးမြို့နယ် သူဌေးကုန်းကျေးရွာက အသက်၂၀ အရွယ် အမျိုးသားတစ်ဦးကတော့ မနေ့ ဇူလိုင် ၃ ရက်က သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်ကတော့ ပဲခူးတိုင်းမှာ H1N1 ရောဂါ သံသယလူနာ ၁၄၁ ဦး၊ ရောဂါပိုးတွေ့ရှိသူ ၄၇ ဦး၊ H3N2 ရောဂါရှိသူ ၈ ဦး၊ သေဆုံးသူ ၁၀ ဦးအထိ ရှိခဲ့တယ်လို့ ကျန်းမာရေး ဦးစီးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
H1N1 ရောဂါဟာ လေထဲကကူးစက်တတ်တာဆိုပေမယ့် အရမ်းစိုးရိမ်စရာမရှိဖို့၊ အဓိက သွေးတိုး၊ ဆီးချို ၊ ကျောက်ကပ်၊ နှလုံး၊ အဆုတ်ပြင်းထန်ရောဂါစတဲ့ ရောဂါအခံရှိတဲ့သူ၊ ကိုယ်ခံအားနည်းတဲ့သူတွေမှာ အဖြစ်များတတ်တာကြောင့် ဂရုတစိုက်ရှိဖို့ ကျန်းမာရေးဦးစီးဌာနက ဆိုပါတယ်။ ပဲခူးတိုင်းမှာ ဒီနှစ်အတွက် H1N1 ရောဂါဖြစ်ပွားသူ စာရင်းကို ဇွန်လ ၂၁ ရက်က စပြီး စာရင်းပြုစုနေတယ်လို့ သိရပါတယ်။
#voiceofmyanmar # ပဲခူးတိုင်း #H1N1သံသယလူနာ #ရှစ်ဦးရှိပြီး #တစ်ဦးသေဆုံး #ရန်ကုန် #ဝေါ #အုတ်ဖို #ပြည်