မြန်မာ့ကျောက်မျက်ကဏ္ဍ ဖြစ်ပေါ်တိုးတက်မှု နိုင်ငံတကာသိအောင် ဆိုရှယ်မီဒီယာအသုံးပြုဖို့လို

နေပြည်တော်၊ သြဂုတ် ၃ -၂၀၁၉

ကိုထွန်း(VOM)

 

မြန်မာ့ကျောက်မျက်အချောထည်နဲ့ လက်ဝတ်ရတနာကဏ္ဍ ဖြစ်ပေါ်တိုးတက်မှုကို နိုင်ငံတကာသိရှိအောင် ဆိုရှယ်မီဒီယာအသုံးပြု အကောင်အထည်ဖော်ဆောင်ရွက်ဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက တိုက်တွန်းလိုက်ပါတယ်။

 

ဒီနေ့ သြဂုတ် ၃ ရက် မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ့ကျောက်မျက်ရတနာနေ့ အခမ်းအနားနဲ့ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်း ဒသမအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့တာပါ။

 

“မြန်မာနိုင်ငံသည် ကျောက်မျက်ရတနာ သယံဇာတပစ္စည်းများ ပေါကြွယ်ဝသော်လည်း အရိုင်းအဖြစ်နဲ့သာ ထုတ်လုပ်ရောင်းချမှု ပိုမိုများပြားတာတွေ့ရပါတယ်။ အဖိုးတန် ကျောက်မျက်ရတနာ သယံဇာတတွေ တစ်စတစ်စ ရှားပါးလာတဲ့ ယနေ့ခေတ်မှာ တန်ဖိုးမြင့် ကျောက်မျက်အချောထည်နဲ့ လက်ဝတ်ရတနာများ ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက် ဖေါ်ဆောင်ရေးနဲ့ ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့ ရောင်းချနိုင်ရေးကိုလည်း မဖြစ်မနေ ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။” လို့လည်း ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

 

မြန်မာ့ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျောက်မျက်ရတနာ အချောထည်ပို့ကုန်ကဏ္ဍကို တိုးချဲ့လုပ်ကိုင်တာ၊ ပညာရှင်နဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ စဉ်ဆက်မပျက် မွေးထုတ်ပေးနိုင်ဖို့ စီမံဆောင်ရွက်တာ၊ ကုန်သွယ်မှုသတင်းအချက်အလက်တွေ အချိန်နဲ့ တပြေးညီ ရရှိဖို့ဆောင်ရွက်တာတွေအတွက် အကောင်အထည်ဖေါ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

 

ဒါ့အပြင် ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေအနေနဲ့ ပြည်တွင်း၊ ပြည်ပက ကျောက်မျက်ရတနာအသင်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ညှိနှိုင်းပြီး အကြံဉာဏ်ကောင်းတွေ ရယူကာ ပိုမိုထိရောက်အောင်မြင်နိုင်မယ့် နည်းလမ်းတွေလည်း ရှာဖွေဆောင်ရွက်သင့်တာ ဖြစ်ပါတယ်။

 

“ကုန်ကြမ်းဈေးကွက် ကျနော်တို့နိုင်ငံမှာရှိသလို နိုင်ငံရဲ့ကျောက်မျက်ကုန်ချောဈေးကွက် ပြည်ပမှာရှိနေရာကနေ ပြည်တွင်းကိုယ့်နိုင်ငံကို ပြန်လည်ရောက်ရှိလာဖို့ အင်မတန်မှ အရေကြီးပါတယ်။ ဒါကြောင့် ကျောက်မျက်လုပ်ငန်းရှင်များဟာ အားလုံးညီညီညွတ်ညွတ်နဲ့ စိတ်တူကိုယ်တူ ကြိုးစားဖို့ လိုအပ်ပါတယ်။”လို့ အသင်းဥက္ကဋ္ဌဟောင်း ဦးရုံးမူက ဆိုပါတယ်။

 

ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့အကျိုး၊ နိုင်ငံတော်အကျိုးကို ရှေးရှုပြီး မြန်မာ့ကျောက်မျက်ရတနာတွေကို သားစဉ်မြေးဆက် ထုတ်ယူသုံးစွဲနိုင်ရေး တာဝန်ရှိသူအားလုံးက စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

 

#voiceofmyanmar #နေပြည်တော် #မြန်မာ့ကျောက်မျက်ရတနာနေ့

 

Related posts

Leave a Comment

VOM News

FREE
VIEW