ဝန်ထမ်းအနေနဲ့ ပတ်စ်ပို့စ်လျှောက်ရင် ခက်ခဲလို့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားတွေမှာ တခြားအလုပ်အကိုင်နဲ့ ဖေါ်ပြနေရ

နေပြည်တော်၊ သြဂုတ် ၂၉ – ၂၀၁၉

ကိုထွန်း(VOM)

 

နိုင်ငံ့ဝန်ထမ်းတွေ နိုင်ငံကူးလက်မှတ်လျှောက်တဲ့အခါမှာ အခက်အခဲတွေရှိနေလို့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားတွေကို ပျက်စီး၊ ပျောက်ဆုံးလျှောက်ပြီး အလုပ်အကိုင်မှာ ကုန်သည်နဲ့ တခြားဖြည့်စွက်ကာ လွယ်ကူအောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်နေရတယ်လို့ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက ပြောပါတယ်။

 

နိုင်ငံ့ဝန်ထမ်းများ နိုင်ငံခြားသို့ တရားဝင်သွားရောက်လည်ပတ်ခွင့်နဲ့ နိုင်ငံကူးလက်မှတ် လွယ်ကူလွတ်လပ်စွာ လျှောက်ထားရယူခြင်းနဲ့ ပတ်သက်ပြီး ခွင့်ပြုပေးဖို့ အစီအစဉ် ရှိမရှိ ဒီနေ့ သြဂုတ် ၂၉ ရက်က နေပြည်တော် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးမြန်းစဉ် ဒေါ်မြင့်မြင့်စိုးက ထည့်သွင်းပြောဆိုခဲ့တာပါ။

 

လက်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးတွေမှာ အများပြည်သူအနေနဲ့ လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ပေမယ့် ဝန်ထမ်းတွေ ပတ်စ်ပိုစ့် ပြုလုပ်တဲ့အခါ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားရှိ အလုပ်အကိုင်နေရာမှာ ဝန်ထမ်း ဒါမှမဟုတ် ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ ကျောင်းဆရာ၊ တပ်မတော်အရာရှိ၊ တပ်ဖွဲ့ဝင်လို့ ရေးသားဖေါ်ပြခဲ့ရင် အခက်အခဲနဲ့ ကြုံရတယ်လို့ သိရပါတယ်။

 

“ပတ်စ်ပို့စ်ပြုလုပ်ရာတွင် အခက်အခဲနဲ့ တွေ့ကြုံရသဖြင့် မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား ပျက်စီး၊ ပျောက်ဆုံး လျှောက်ထားပြီး ဝန်ထမ်းနေရာတွင် ကုန်သည် စသဖြင့် အသစ်ပြန်လည်ရေးစွဲပြီး နည်းမျိုးစုံဖြင့် နိုင်ငံကူးလက်မှတ်ရရှိရေး ဆောင်ရွက်နေကြရသည်ကို များစွာ တွေ့မြင်နေရပါတယ်။”လို့ ဒေါ်မြင့်မြင့်စိုးက ပြောပါတယ်။

 

ဒါကြောင့် အရင်ခေတ်အဆက်ဆက်က ပညတ်ခဲ့တဲ့ ဝန်ထမ်းတွေကို အခုအခါမှာ ဖြေလျော့ပေးပြီး တာဝန်ကျေတဲ့ ဝန်ထမ်းတွေ နိုင်ငံရပ်ခြားသို့ အလည်အပတ်၊ ဘုရားဖူး၊ ကျန်းမာရေးစစ်ဆေးကုသခြင်း၊ မိသားစုဆီ အလည်အပတ် တရားဝင်သွားလာခွင့်တွေအတွက် အစိုးရအနေနဲ့ ပတ်စ်စပို့စ်လွတ်လပ်စွာ ခွင့်ပြုပေးဖို့ အခုအချိန်မှာ လိုအပ်နေပြီလို့လည်း ထောက်ပြပါတယ်။

 

ဒါ့အပြင် ဒေါ်မြင့်မြင့်စိုးက “နိုင်ငံတော်အစိုးရဆိုသည်မှာ အနိုင်ရပါတီမှ အစိုးရဖွဲ့နိုင်လျှင် ငါးနှစ်သက်တမ်းဖြစ်ပြီး ဝန်ထမ်းများ၏ စိတ်ခွန်အားများကို လျှော့ပေးရမှာ ဖြစ်ပါတယ်။ ဝန်ထမ်းဆိုသည်မှာ ပြစ်မှုတစ်စုံတစ်ရာ မရှိပါက သက်တမ်း ၆၀ ပြည့်နှစ်အထိ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြရမယ့်သူများ ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းများကို အစိုးရအနေဖြင့် ခေတ်နဲ့ လိုက်လျောညီထွေရှိစေရန် ဝန်ထမ်းများအပေါ် ဖြေလျော့မှုများ ပြုလုပ်ပေးသင့်ပြီ ဖြစ်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

 

ဒေါ်မြင့်မြင့်စိုးရဲ့ မေးမြန်းမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်း အပါအဝင် နိုင်ငံသားအားလုံးအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနက အဆင်ပြေစွာဆောင်ရွက်ပေးနေသလို နိုင်ငံ ဥပဒေ၊ နိုင်ငံဝန်ထမ်း နည်းဥပဒေပါ ပြဌာန်းချက်နဲ့အညီ ဆက်စပ်လျက်ရှိတဲ့ နိုင်ငံဝန်ထမ်းများ သတ်မှတ်ချက်များနဲ့အညီ ခံစားခွင့်ရှိတဲ့ အခြေခံအခွင့်အရေးများနဲ့ ခွင့်ခံစားခြင်းဆိုင်ရာ ပြဌာန်းချက်တွေကို ထုတ်နုတ်ပြီး ရှင်းလင်းဖြေကြားသွားပါမယ်လို့  ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ပြောပါတယ်။

 

အလားတူပဲ ဝန်ကြီးဌာနကနေ စည်းမျဉ်း၊ စည်းကမ်းအတိုင်း အတည်ပြုခန့်အပ်ခံထားရတဲ့ ဝန်ထမ်းတွေဟာ နိုင်ငံဝန်ထမ်း ဥပဒေ ပုဒ်မ ၁၁ ပါအတိုင်း ခွင့်ခံစားခွင့်၊ ဆေးစစ်ခံယူမှုနဲ့ ဆေးကုသမှုခံယူခွင့်တွေကို ခံစားနိုင်သလို နိုင်ငံဝန်ထမ်း ဥပဒေပုဒ်မ ၁၄ အတိုင်း ခံစားခွင့်ရှိတဲ့ ခွင့်အမျိုးအစား ၁၀ မျိုးကို ခံစားခွင့်ရှိတယ်လို့ ဦးစောဗယ်လင်တိုင်းက ရှင်းပြခဲ့ပါတယ်။

 

#voiceofmyanmar #နေပြည်တော် #နိုင်ငံ့ဝန်ထမ်း #ပတ်စ်ပို့စ်

Related posts

Leave a Comment

VOM News

FREE
VIEW