ချင်းပြည်နယ် မင်းတပ်မြို့မှာ  ဝိဇ္ဇာ၊သိပ္ပံ ကောလိပ် တည်ဆောက်မယ်

စက်တင်ဘာ ၁၃-၂၀၁၉

ကိုးသက်စံ (VOM)

 

 

 

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့မှာ  ပညာသင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး၊ မင်းတပ်မြို့မှာ ဝိဇ္ဇာ၊ သိပ္ပံကောလိပ် တစ်ခုကို ၂၀၁၉-၂၀၂၀ခုနှစ် မှာ တည်ဆောက်ပေးသွား ဖို့ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

 

ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့က ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ မင်းတပ်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ရဲ့ မင်းတပ်မြို့မှာ  ဒေသခံတွေ ပါဝင်လှူဒါန်းထားတဲ့ မြေပေါ်မှာ တက္ကသိုလ် ဒါမှမဟုတ် ကောလိပ် တစ်ခု တည်ဆောက် ပေးဖို့ အစီအစဉ်ရှိမရှိ မေးခွန်းမေးမြန်းခဲ့တဲ့ အပေါ် ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက အခုလို ပြန်လည်ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ် ။

 

 

ဒေသခံတွေက စုပေါင်းလှူဒါန်းထားတဲ့ မြေဧရိယာဧက ၃၂၅ ဒသမ ၉၁ ဧက ပေါ်မှာ ဝိဇ္ဇာ၊ သိပ္ပံကောလိပ် တစ်ခု တည်ဆောက်ပေးဖို့ရှိနေတာ ဖြစ်ပြီး နှစ်ထပ် စာသင်ဆောင် ၂ လုံး၊ ဆရာ၊ ဆရာမတွေအတွက် နှစ်ထပ် တိုက်ခန်းတွဲ ၂ လုံး၊ ဝန်ထမ်းတွေအတွက် ၆ ခန်းတွဲ ၂ လုံး၊ ကျောင်းသား၊ ကျောင်းသူတွေအတွက် နှစ်ထပ် အိပ်ဆောင် ၂ လုံး တည်ဆောက်သွားမယ်လို့ ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ် ။   ဘယ်တော့ဆောက်မယ်ဆိုတာတော့ အတိအကျပြောမသွားပါဘူး။

 

ဒါ့အပြင်  ချင်းပြည်နယ်တောင်ပိုင်းမှာ တက္ကသိုလ်တွေ မရှိတဲ့အတွက် ပခုက္ကူတက္ကသိုလ်ကို သွားရောက်ပညာသင်ကြား နေရတာကြောင့် အခက်အခဲတွေရှိနေတာဖြစ်ပြီးပညာသင်ယူဖို့ အခွင့်အလမ်းတွေနည်းပါးနေတာ ဖြစ်ပါတယ်။

 

“ချင်းပြည်နယ်က ကျောင်းသူကျောင်းသားတွေက ငွေကုန်ကြေးကြများတဲ့အတွက် ပခုက္ကူကိုသွားရောက် ကျောင်းတက်နိုင်ခြင်းမရှိကြတာ ဖြစ်ပါတယ် ။အဆင်ပြေလို့  ကျောင်းသွားတက်တဲ့ ကျောင်းသူ ကျောင်းသားတွေကလည်း  နေ့ကျောင်းကိုမတက်နိုင်ကြဘူး  အဝေးသင်ကိုပဲတက်ရောက်နေကြရတယ် ၊နေ့ကျောင်းတွေမှာတောင်  သိပ္ပံတွဲဘာသာရပ်ကိုမယူနိုင်ပဲ ၀ိဇ္ဇာဘာသာရပ်ကိုပဲ ယူကြရတယ် သိပ္ပံတွဲဆိုရင်  Pratical မလုပ်နိုင်ကြလို့ အဲဒီတော့ကျောင်းပြီးလို့ ဆရာ၊ဆရာမ တွေလုပ်ပြီဆိုရင် ချင်းပြည်နယ်မှာ သိပ္ပံနဲ့ပက်သတ်တဲ့ ဆရာ၊ဆရာမတွေ မရှိဘူး နည်းပါးနေတာ ဖြစ်တယ်လို့”မင်းတပ်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် ကပြောပါတယ် ။

 

 

ချင်းပြည်နယ်မှာ တက္ကသိုလ်ဖွင့်ခွင့်ရခဲ့ပါက မင်းတပ် ၊မတူပီ ၊ ကန်ပက်လက် ၊ပလက်ဝ လေးမြို့နယ်အပါအ၀င် မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေလည်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ် ။

 

 

#voiceofmyanmar #ချင်းပြည်နယ် #မင်းတပ် #ကောလိပ်

Related posts

Leave a Comment

VOM News

FREE
VIEW