ပလက်ဝက မိုင်းထိလူနာတစ်ဦး စစ်တွေဆေးရုံကို ရောက်ရှိ

ပလက်ဝ၊ စက်တင်ဘာ ၁၅-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ချင်းပြည်နယ် ပလက်ဝမြို့နယ် ပွီးချောင်းဝကျေးရွာ မိုင်းထိပြီး ဒဏ်ရာရရှိခဲ့သူတစ်ဦးကို ကျောက်တော်ဆေးရုံကနေ စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်းက စစ်တွေဆေးရုံကို လွှဲပြောင်းပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

 

အဲ့ဒီဒဏ်ရာရရှိထားသူဟာ ကျေးရွာနဲ့ နာရီဝက်ခန့်ခရီးအကွာမှာ တောင်ယာလုပ်ကိုင်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က ၎င်းရဲ့ယာမှာတဲဆောက်ဖို့အတွက် လင်မယားနှစ်ယောက် ဝါးခုတ်နေစဉ် မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ မိသားစုတွေကပြောပါတယ်။

 

“အင်္ဂါနေ့က သူတို့လင်မယားနှစ်ယောက် ယာမှာတဲဆောက်ဖို့သွားတယ်။ ယာနားမှာပဲ ဝါးတွေခုတ်နေတဲ့အချိန် ကျွန်တော်အကိုက မိုင်းပေါက်ကွဲပြီးတော့ ဒဏ်ရာရရှိသွားတယ်။ သူ့မိန်းမက တခြားတစ်ဘက်မှာဆိုတော့ သူကဘာမှမဖြစ်ဘူး။ ပေါက်သံကြားလို့ သွားကြည့်လိုက်တော့ ကျွန်တော်အစ်ကိုက အဲ့ဒီနေရာမှာ ဒဏ်ရာတွေနဲ့ သတိလစ်နေတယ်။”လို့ ညီတော်စပ်သူ ကိုဖြိုးဝေက ပြောပါတယ်။

 

ဒါဏ်ရာရှိခဲ့သူဟာ အသက် ၃၅ နှစ်အရွယ် ဦးမောင်သိန်းမြင့်ဖြစ်ပြီး သူ့ကို စက်တင်ဘာ ၁၁ ရက် ဗုဒ္ဓဟူးနေ့မှာ ပွီးချောင်းဝရွာကနေ ကျောက်တော်ဆေးရုံကို ယူဆောင်လာခဲ့တာဖြစ်ပြီး အဲ့ဒီမှာ လေးရက်ခန့် ဆေးကုသမှုပြုလုပ်ပြီးမှ စစ်တွေဆေးရုံသို့ ထပ်မံလွှဲပြောင်းပြေးခဲ့တာဖြစ်ပါတယ်။

 

“ကျွန်တော်က တောထဲမှာ ယာနားမှာပဲ ဝါးခုတ်နေတာ။ ပေါက်တာကိုပဲ သိလိုက်တယ်။ ဘယ်လိုဖြစ်လဲမသိတော့ဘူး။ နင်းမိလို့ပေါက်တာလား။ အပေါ်ကပဲ လာတာလားကျွန်တော်မသိဘူး။”လို့ ဦးမောင်သိန်းမြင့်က ဖြစ်စဉ်နဲ့ပတ်သက်လို့ေ ပြာပါတယ်။

 

အဲ့ဒီပေါက်ကွဲမှုကြောင့် ဦးမောင်သိန်းမြင့်ရဲ့ ညာဘက် ဒူးခေါင်းနဲ့ တန်းတောင်ဆစ်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီ ခန္ဓာကိုယ် အစိပ်အပိုင်းတချို့မှာလည်း ထိခိုက်မှုတွေရှိနေတယ်လို့ မိသားစုတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

 

#voiceofmyanmar #ပလက်ဝ #မိုင်းထိ

 

Related posts

Leave a Comment

VOM News

FREE
VIEW