ဂျန်ကိုးလ် (VOM)
“ ထမင်းကျွေးပါ ရွာကိုခေါ်သွားပေးပါ”
ရိုးမထဲဝင်ပြီး သုတ်ကိုင်းထောင်ဖို့ ချေ(ဂျီ)ခြေရာကို အာရုံစိုက်ရှာနေတဲ့ ဆင်လုပ်သား မောင်ကွန့် ၂၅နှစ်ဟာ ဒီအသံကို ရုတ်တရက်ကြားလိုက်တော့ လန့်သွားပြီး အသံလာရာကိုကြည့်လိုက်တော့” ထမင်းပေးပါ ရွာကိုခေါ်သွားပေးပါ ” ဆိုတဲ့အသံတွေနဲ့ ဝိုင်းလာတဲ့ လူအုပ်စုကြောင့် လန့်သွားပါတယ်။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာအုပ်စုမှာရှိတဲ့ ဇွန်းကျရွာ သစ်ထုတ်စခန်းက ဆင်လုပ်သား မောင်ကွန့် ဟာ ဆင်လွှတ်ကျောင်းထားချိန်မှာ သုတ်ကိုင်းထောင်၊ ငါးရှာအလုပ်တွေလုပ်နေရင်း ရိုးမတော့ထဲမှာ ဘင်္ဂါလီ(သူတို့ကိုယ်သူတို ရိုဟင်ဂျာ)လို့ဆိုတဲ့ ၃၀ ဝန်းကျင်လူအုပ်ကို တွေ့လာတာလို့ဆိုပါတယ်။
“အေးထမင်းကျွေးမယ် ရွာကိုလိုက်ခဲ့ မင်းတို့ကိုလည်း ငါဘာမှမလုပ်ဘူး ငါ့ကိုလည်း မင်းတို့ဘာမှမလုပ်နဲ့” လို့ ကြောက်ကြောက်နဲ့ပြော ပြီး ရွာကိုခေါ်လာတာလို့ဆိုပါတယ်။
ရွာနဲ့တဖာလုံခန့်မှာ ဘင်္ဂလီတွေကို ထားခဲ့ပြီး ရွာကိုအပြေးပြန်ရင်း အုပ်ချုပ်ရေးမှူးကို သတင်းပို့ ရွာအတွင်း ထမင်းနဲ့ဟင်းကို စုဆောင်းကျွေးမွေးခဲ့ကြပြီး မင်းတုန်းကတာဝန်ရှိသူတွေကို စောင့်ဆိုင်းနေခဲ့ကြတာလို့ သူအတွေ့အကြုံကို မောင်ကွန့် ပြန်ပြောပြပါတယ်။
ဇွန်းကျရွာလေးဟာ မြန်မာ့သစ်လုပ်ငန်းရဲ့ သစ်ထုတ်တဲ့ ဆင်စခန်းရွာလေးဖြစ်ပြီး ဆင်လုပ်သားတွေနေထိုင်တဲ့ရွာဖြစ်ပါတယ်။ ဒါကြောင့်ရွာမှာအမျိုးသမီးအများစုနဲ့ ကလေး သက်ကြီးရွယ်အိုတွေပဲရှိပြီး ယောက်ျားသားတွေက အလုပ်စခန်းဝင်နေချိန်လည်းဖြစ်လို့ ဘင်္ဂလီတွေကို ရွာထဲကို ချက်ချင်းမခေါ်ရဲဖူးလို့လည်း ဆိုပါတယ်။
သေချာရေတွက်ကြည့်တော့ အသက် တနှစ်ခွဲ ကလေးတစ်ယောက်အပါအဝင် အမျိုးသမီး၈ယောက် အမျိုးသား ၂၉ယောက် အားလုံးစုစုပေါင်း ၃၇ ယောက်ရှိတယ်လို့ ဇွန်းကျရွာခွဲ အုပ်ချုပ်ရေးမှုး ကိုနိုင်ဦးကပြောပါတယ်။
“ကိုဗစ်တွေဘာတွေပါလာမှာစိုးလို့ ရွာနဲ့တဖာလုံလောက်မှာထားပြီးမှ မြို့နယ်ကိုအကြောင်းကြားရတာ သူတို့ထမင်းစားနေတုန်း နယ်မြေခံရဲကင်းက ရဲ၂ယောက်ရောက်လာတော့ သူတို့အထဲက ငိုတဲ့သူငိုတယ် သူတို့ထောင်ကျမှာလားလို့လဲမေးကြတယ် စိတ်တောင်မကောင်းဘူး”လို့ ကိုနိုင်ဦးကပြန်ပြောပါတယ် ။
သူတို့ကိုဇွန်းကျရွာကတဆင့် ကားလမ်းပေါက်တဲ့အုပ်စုရွာကြီးဖြစ်တဲ့ မှန်ကျေးရွာကိုတဆင့် ပို့ဆောင်ရာမှာတော့ လမ်းခရီးမှာ အစာအဟာရပြတ်တဲ့ဒဏ်တွေနဲ့ ရရှိထားကြတဲ့ဒဏ်ရာတွေကြောင့် လမ်းကောင်းစွာမလျောက်နိုင်ကြဘဲ သာမန်၄၅မိနစ်သွားရတဲ့ခရီးကို အချိန်၂နာရီကျော်စောင့်ခေါ်ခဲ့ရတယ်လို့လည်းဆိုပါတယ်။
မှန်ကျေးရွာ စာသင်ကျောင်းမှာ သူတို့ကိုခေတ္တထားချိန်မှာ နှာခေါင်းစည်း များပေးဝေနေစဉ် မြို့ကရဲမြို့နယ်မှူးနဲ့ လူဝင်မှု့ကြီးကြပ်ရေးက အရာရှိတချို့ရောက်ရှိလာပြီး ဖြစ်စဉ်အသေးစိတ်ယူပါတယ်။
သူတို့ ၃၇ယောက်ထဲမှာ ဗမာစကားအတော်အတန်ပြောနိုင်သူဆိုလို့ မူဟာမက်အာရဘန်နဲ့ မာမတ်ဒူယာဟာမန်တို့နှစ်ယောက်ပဲပါပြီး အားလုံးရခိုင်စကားတော့ ကောင်းကောင်းနားလည် ပြောဆိုနိုင်ကြပါတယ်။
မူမက်အာရဘန်နဲ့ မာမတ်ဒူယာဟာမန် တို့၂ယောက်က မြန်မာအစိုးရကျောင်းမှာ ၄တန်းအောင်ထိနေဘူးသူတွေဖြစ်ပြီး ၁၀တန်းအထိနေဘူးသူ တယောက်ပါဝင်ပြီး သူကဗမာစကားသိပ်မတတ်ပါဘူး အကြောက်လွန်နေတာလည်းဖြစ်နိုင်ပါတယ်။ သူတို့တွေအများစုဟာ အသက်၂၀အောက်တွေများပြီး အသက်အကြီးဆုံးတယောက်သာလျှင် ၂၈နှစ် ဖြစ်တယ်လို့ဆိုပါတယ်။
သူတို့ကိုစစ်ဆေးစဉ်မှာ မြန်စကားပီသအောင်မပြောနိုင်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ပါလာတဲ့ ရခိုင်တိုင်းရင်းသားရဲတပ်ကြပ်တယောက်က ဝင်ရောက်ပြောဆိုပေးရတယ်လို့သိရပါတယ်။ သူတို့တွေဟာ ရခိုင်ဘာသာစကားကိုကောင်းစွာနားလည်ပြီး ရခိုင်တိုင်းရင်းသား ရဲတပ်ဖွဲ့ဝင်ရဲ့မေးခွန်းတွေကို ကောင်းစွာဖြေဆိုနိုင်တာ သတိထားမိပါတယ်။
သူတို့ကိုစစ်ဆေးနေချိန်မှာတော့ မှန်ကျေးရွာကစေတနာရှင်တချို့က မြကြာဖြူ အမှတ်တံဆိပ်ပါ ပုဆိုးအသစ်ချပ်ကျွတ်တယောက်တထည် အင်္ကျီ ထမီက အစ ဆေးဝါးအဆုံး ကလေးငယ်အတွက်အနွေးထည်အစရှိတဲ့ အဝတ်အထည်တွေနဲ့ဖိနပ် ရေဘူး မုန့်ပဲသွားရေစာတွေကို လှူဒါန်းကြပါတာလည်းတွေ့ရပါတယ်။
“ ဘာလူမျိုးဘဲဖြစ်ဖြစ် ဘာဘဲကိုးကွယ်ကိုးကွယ် သူတို့တွေဟာလူတွေဘဲလေ ဒုက္ခရောက်နေသူကိုကူညီရတာမွန်မြတ်ပါတယ်ဒါကြောင့်လှူရတာ”လို့ မှန်ကျေးရွာရဲ့ ကုန်စုံဆိုင်ပိုင်ရှင်ကပြောပါတယ်။
မူဟာမက်အာရဘန်နဲ့ မာမတ်ဒူယာဟာမန်တို့ရဲ့ ရိုးမကျော်ခရီးကို ပြီးခဲ့နွေဥတုကုန်ခါနီးမှာ စခဲ့ပြီး မွေးကတည်းက ဘယ်မှခရီးမထွက်ဘူးသူတွေမို့ စိတ်လှုပ်ရှားနေခဲ့ရတယ်လို့ ဆိုပါတယ်။
လွတ်မြောက်သွားသူတချို့ရဲ့ ရွာကိုဖုန်းဆက်ပြောစကားတွေအရ လမ်းခရီးကြမ်းတမ်းမှာကို ကြိုတွေးပြီး လူငယ်ပီပီရင်ခုန်နေကြတာလည်း ဖြစ်နိုင်ပါတယ်။
မြန်မာပြည်ကိုသွားမယ် အဆင်ပြေရင်ဗမာပြည်ထဲမှာနေမယ် အဆင်မပြေရင် မလေးရှားသွားမယ်ဆိုပြီး ပွဲစားကို သိန်း၂၀ စရံပေးပြီး ဆင်မကြောက်၊ ကျားမကြောက်၊ မြွေမကြောက် စခဲ့တဲ့ခရီးပါ။
နေသာတဲ့နေ့တနေ့မှာ သူတို့ကိုပွဲစားက ကားနဲ့ခေါ်တဲ့နောက်လိုက်ခဲ့ပြီး နောက်၂ရက်လောက် ခြေလျှင်သွားခဲ့ရကာ တောတွင်းတနေရာမှာ သူတို့ကိုစောင့်ခိုင်းထားတယ်လို့သိရပါတယ်။
သူတို့ရဲ့အပြောအရ ရခိုင်ပြည်နယ်ထဲက တောနက်တနေရာမှာ နောက်ရောက်လာမယ့် သူတွေကိုစောင့်ခိုင်းရင်း စုဆောင်းထားရှိတာကို အဲဒီရောက်မှ သိကြပါတယ်။ သူတို့ကိုပွဲစားက
”မင်းတို့ကိုရခိုင်မြင်ရင်သတ်လိမ့်မယ် ဒါကြောင့်ဘယ်မှမသွားရဘူး”လို့ ခြောက်လှန့်ထားတယ်လို့ဆိုပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ရှေ့လျောက်ရမဲ့လမ်းခရီးက သူတို့ဘဝအတွက် မရေရာတော့တာကို ရိပ်မိလာပါတယ်။
ဒါကြောင့်နောက်ကြောင်းပြန်လည်း မရနိုင်တော့ဘဲ လူကုန်ကူး ပြန်ပေးဆွဲခံရတဲ့ ဘဝမျိုးကို သူတို့ ရောက်မှန်းမသိ ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။ ပွဲစားတွေက သူတို့မိသားစုတွေဆီကို ပိုက်ဆံလှမ်းတောင်းကြတယ်။ ပိုက်ဆံရောက်ဖို့ကြန့်ကြာနေသူတွေကို ရိုက်နှက်တတ်သလို ထမင်းကိုလည်း တနေ့တကြိမ်သာကျွေး တော့တယ်လို့ဆိုပါတယ် ။
အိမ်ကပိုက်ဆံပို့မပေးနိုင်တဲ့ အချိန်ကာလအတွင်း နေ့တိုင်းအရိုက်ခံနေရလို့ မခံနိုင်တဲ့အဆုံး ထွက်ပြေးရာမှာ ပြန်လည်ဖမ်းမိပြီး တညလုံးရိုက်ခံရတယ်လို့ သူကဘဲဘာသာပြန်ရင်းပြောပြပါတယ်။
“ချောင်းထဲရေခပ်ခိုင်းတယ် တော်တော်ဝေးပါတယ် ရေခပ်လို့ကြာရင်လဲရိုက်ပါတယ် ထမင်းကို တနေ့တခါပဲကျွေးပါတယ်။ မာလကာပင်တွေ့ရင် အသီးတွေခူးစားပြီး ပွဲစားတွေက ထမင်းနေ့တိုင်းစားပါတယ်”လို မာမတ်ဒူယာဟာမန်က သူအတွေ့အကြုံကို ပြန်ပြောပြပါတယ်။
စုဆောင်းထားတဲ့နေရာမှာ ၅လခန့်နေရပြီး ဒီလိုနဲ့ လူ၆၀ခန့်ဖြစ်တဲ့အချိန်မှာ သူတို့ရခိုင်ရိုးမကို ခြေလျှင်ခရီး စတင်ကျော်ဖြတ်ခဲ့ကြပါတယ်။
လမ်းလို့ဆိုရရုံ ခြေတနေရာစာသာရှိတဲ့တောကြမ်းထဲက တောင်တက်ရတဲ့အကြိမ်မရေတွက်အောင်နဲ့ ကျွတ်အကြီးစားတွေ ဒက်ဆိုတဲ့သွေးကြောကိုမှ စုပ်တတ်တဲ့ အကောင်တွေကိုဖယ်ရှားရင်း
အစာဝအောင်မစားရတဲ့ဒဏ် ခရီးကြမ်းလွန်းတာကြောင့် လမ်းမလျောက်နိုင်သူတွေ ရှိလာတယ်လို့ ဆိုပါတယ်။ လုံးဝမလျောက်နိုင်တော့တဲ့ကလေးအမေကိုပွဲစားတွေကရိုက်သတ်ပစ်လိုက်တာကိုဘယ်သူမှဘာမှမပြောရဲဘဲနေခဲ့ရတယ်လို့လည်း ပြန်ပြောပြပါတယ် ။
မာမတ်ဒူယာဟာမန်က သူတို့လူမျိုးနဲ့ ဘာသာစကားက ရိုဟင်ဂျာစကားဖြစ်တယ် အာရဗီစကားမဟုတ်ဘူးလို့လည်းပြောပါတယ်။
၂၀၁၂ နောက်ပိုင်းနိုင်ငံရေး ပယောဂအချို့ကြောင့် မာမတ်ဒူယာဟာမန်အပါအဝင် ဘင်္ဂလီ (သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ) လို့ ခေါ်နေတဲ့သူတွေရဲ့ လူဖြစ်တည်မှုနဲ့အတူ ရလာတဲ့ လူဂုဏ်သိက္ခာမဲ့ အခြေအနေတွေတရပ်ကို မာမတ်ဒူယာဟာမန်ဆက်ပြောတာက
“ကျနော်တို့ အဖေအမေတွေ ကျနော်တို့တွေဟာ ဗမာနိုင်ငံမှာမွေးတယ် ဗမာမှာကြီးတယ် ဒါကြောင့်ဗမာပြည်လာတာပါ ဘင်္ဂလားဒေ့ကိုသွားရင် ငါ…မသားဗမာဆိုပြီးသတ်တယ် ရခိုင်ရွာတွေထဲသွားရင် ငါ…မသားဘင်္ဂလီဆိုပြီးရိုက်တယ်သတ်တယ် ”လို့ မာမတ်ဒူယာဟာမန်က ဆိုပါတယ်။
သူတို့ ၃၇ယောက်အဖွဲ့ကို ပုသိမ်မုံရွာကားလမ်းပေါ်က မဲဇလီကျေးရွာရဲ့ အလယ်တန်းကျောင်းမှာ ကွာရန်တင်းသဘော ထိမ်းသိမ်းထားစဉ်မှာ မဲဇလီရွာက အပိုင်းလိုက်ထမင်းထုတ်ဆင့်ပြီးကျွေးရပါတယ်။ အစိုးရက စားစရိတ်ပေးခြင်းမပေးခြင်းမသိရပါဘူး ။
မင်းတုန်းဒေသခံတွေအများစုက လူသားချင်းစာနာစိတ်နဲ့ ၃၇ယောက် ရိုးမကျော်ရောက်လာတာကို နားလည်လက်ခံသလိုရှိပေမယ် လူမျိုးရေးခွဲခြားတဲ့အမြင်ရှိသူတချို့က ထမင်းထုပ်ပေး လူဒါန်းသူတွေကို ကဲ့ရဲ့သူလည်းရှိပါတယ်။
သူတို့ စတင်ထွက်ခွာလာစဉ်က လူ၆၀ခန့်ရှိတယ်လို့ ဆိုပေမယ့် အရင်ရောက်နှင့်သူတွေ လွတ်မြောက်သွားပြီလို့ သူတို့ယူဆနေသလို ကျန်ခဲ့သူတချို့ကိုလည်း ရဲတပ်ဖွဲ့က တောနင်းရှာဖွေပေမယ့် မတွေ့ရှိခဲ့ပါဘူး။
“နေရပ်ပြန်ပို့တာကောင်းပါတယ် အဓိကတော့ သူတို့ ဒီလို ထွက်မလာအောင် ဖြေရှင်းသင့်ပြီ လူတွေလေ ဟိုမသွားရ ဒီမလာရကန့်သတ်ထားလို့ ရေရှည်ဘယ်ရမလဲ ပြတ်ပြတ်သားသား နိုင်ငံရေးနည်းဆိုလဲ နိုင်ငံရေးနည်း ရှင်းသင့်ပြီ”လို့မင်းတုန်း ဒေသခံ မူလတန်းကျောင်းအုပ်ဆရာ အငြိမ်းစားတဦးက သူအမြင်ကိုပြောပါတယ်။
သူတို့ကိုပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယပတ် မနက်အစောမှာ လဝကအရာရှိတွေခြံရံပြီး ကားစီးလုံးငှားပြီးတော့ ရခိုင်ပြည်နယ် အမ်းမြို့ကို ပြန်လည်ပို့ဆောင်ခဲ့ပြီး အဲဒီကမှတဆင့် မြောက်ဦး၊ ဘူးသီးတောင် ၊မင်းပြား နဲ့ စစ်တွေ အစရှိတဲ့နေရပ်ကို တဆင့်ပို့ဆောင်ခဲ့တယ်လို့ နယ်မြေခံရဲကင်းစခန်း မှူးရဲ့ပြောဆိုချက်အရသိရပါတယ်။
မကွေးတိုင်း မင်းဘူး၊ အမ်းတောင်ကြားလမ်းနဲ့ ပဲခူးတိုင်း ပန်းတောင်း တောင်ကုတ်တောင်ကြားလမ်းရဲ့ ပုသိမ်မုံရွာကားလမ်းကြီး အနောက်ဘက်ခြမ်းမှာ ရခိုင်ရိုးမကျော် ဘင်္ဂလီဝင်ပေါက်တွေရှိနေပါတယ်။
ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ ပုသိမ်၊ မုံရွာလမ်းကြီးပေါ်က မင်းလှမြို့ မင်းတုန်းမြို့ ကံမမြို့နယ်တွေမှာ ရိုးမကျော်ဝင်လာတဲ့ အထောက်အထားမဲ့ဘင်္ဂလီ ၂ထောင်ကျော်ရှိတယ်လို့ ရဲမှတ်တမ်းတွေအရ အကြမ်းဖျင်းသိရပါတယ်။
ပဲခူးတိုင်း ပန်းတောင်းမြို့မှာတော့ တခါတရံ တဦးစ နှစ်ဦးစ တွေ့ရတတ်ပြီး မင်းတုန်းမြို့မှာတော့ အခုတစ်ခါတွေ့ရတဲ့ ၃၇ဦးဟာ အများဆုံးတွေ့ရှိရတာဖြစ်တယ်လို့ သိရပါတယ်။
အရင်ကဆိုရင်အခုလိုထိမ်းသိမ်းခံရသူတွေကို လဝကဥပဒေအရ ထောင်၂နှစ်ခန့် ချတတ်သလို မိသားစုလိုက်ထောင်ချခံရတာတွေရှိခဲ့ပါတယ်။
၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံအစိုးရက ရိုဟင်ဂျာမရှိဘူးလို့ အတိအလင်းငြင်းဆိုထားပါတယ်။
“သူတို့ဟာရခိုင်ပြည်နယ်ထဲကနေ ရခိုင်ရိုးမကိုကျော်ပြီး ရောက်လာတာ ငြင်းလို့မရဘူး ဒါကိုအရင်ကထောင်တနှစ်၂နှစ်ချတယ် လူ့အခွင့်အ ရေးအမြင်အရ နိုင်ငံတကာမှာရုပ်ဆိုးတယ် အခုနေရပ်ပြန်ပို့တယ်ဆိုတော့ အရမ်းကောင်းတာမဟုတ်တောင် လတ်တလောအနေအရလက်ခံရမယ်” လို့လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ Generation wave ရဲ့ ဥက္ကဋ္ဌ ကိုမိုဃ်းသွေးပြောပါတယ်။
“လူသားတိုင်းမှာ သူတို့ရဲ့အမည်သညာ သတ်မှတ်ခေါ်ဆိုခွင့်ရှိတယ်။ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတယ်။ တဘက်မှာနိုင်ငံရေးအရ နိုင်ငံသားဖြစ်မှုမပေးနိုင်သေးဘူး ဒါကြောင့်သူတို့အသွားအလာကန့်သတ်မှုရှိတယ် တပိုင်းကလက်ခံတယ်။စနစ်တွေက နိုင်ငံရေးပဋိပက္ခတွေရဲ့ အစွယ်အပွားအနေနဲ့ လူမျိုးဘာသာနဲ့လူ့အသိုက်အဝန်းကြားမှာ နိုင်ငံရေးကစားချင်တဲ့ မရိုးသားတဲ့သူက ခုတုံးလုပ်တော့ ရိုးသားတဲ့ပြည်သူတွေကပါသွားတတ်တယ် ကစားကွက်ကို လိုက်ပါမသွားဘဲ လူသားဆန်မှု လူအချင်းချင်းအပေါ်ထားရှိတဲ့ မေတ္တာတရားတွေပိုထားဘို့လိုပါတယ်။ ကျန်တဲ့ဟာက နိုင်ငံရေးအရ ဖြေရှင်းရမှာဖြစ်တယ်”လို့ ကိုမိုဃ်းသွေးကပြောပါတယ်။
ခုမင်းတုန်းမှာတွေ့ခဲ့တဲ့ ဘင်္ဂလီ ၃၇ ယောက်ကို ဖြစ်စဉ်ကိုကြည့်ရင် နေရပ်ရင်းမှာလည်းနေဖို့က အခက်အခဲတွေရှိ ခရီးဆက်ဖို့ကလည်း မရေမရာတော့ သေမထူး နေရင်ထူးဆိုပြီး ပွဲစားလူလည်တွေကို အားကိုးပြီး နေရာသစ်ရှာရကနေ ကံကောင်းလို့ ရေကြည်ရာမြက်နုရာ တွေ့ကြသူရှိကြပေမယ့် ကံမကောင်းသူတွေကတော့ အသက်ဆုံးရှုံးရသလို အဖမ်းခံထောင်ချခံကြရပါတယ်။
ဒီလိုလူတွေရဲ့ အခြေအနေကို မြန်မာနဲ့ ဘင်္ဂလားဒေရှ် နှစ်နိုင်ငံအစိုးရတွေ ညှိနှိုင်းနေပေမယ့်လည်း အစီအစဉ်တွေက ရပ်နေသလိုဖြစ်နေတာကြောင့် ဒီအနေအထားကို ကမ္ဘာ့အသိုက်အဝိုင်းကပါ စောင့်ကြည့်အကဲခတ်နေကြပါတယ်။
#voiceofmyanmar #VOM #ရှေ့တိုးတော့ထမ်းပိုး နောက်ဆုတ်တော့လှည်းထုပ်