ရှော့ခ်တိုက် ငါးဖမ်းမှုကြောင့် ကျေးရွာအချို့မှာ သောက်သုံးရေ ညစ်ညမ်းမှုဖြစ်

ဒီဇင်ဘာ ၁၂-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးရွာအချို့မှာ ရှော့ခ်တိုက်ငါးဖမ်းဆီးမှုတွေကြောင့် ကျေးရွာအချို့မှာ သောက်သုံးရေညစ်ညမ်းနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“တရားဝင်ကဲ့သို့ ပေါ်ပေါ်တင်တင်လုပ်နေကြတယ်။ ဘယ်သူတွေက လုပ်ခိုင်းတာပါလဲ။ ဘယ်သူတွေက မသိချင်ဟန်ဆောင်နေတာပါလဲ။ ကျွန်မပြည်သူတစ်ယောက်အနေနဲ့ ဒီလို ငါးဖမ်းနည်းဟာ တရားမဝင်ဘူးဆိုတာ သိသလို အခုဆို ရေစီးရေလာ မကောင်းတော့ဘူး။ ရေနည်းကာလကိုလည်း ရောက်လာပါပြီ၊ ရေတွေ ပုပ်ပြီး အနံ့အသက်လည်း မကောင်းတော့ ဒီရေကို သောက်သုံးနေရတဲ့ ရွာသူ၊ရွာသားတွေမှာ တော်တော်လေးကို အခက်အခဲနဲ့ တွေ့နေရပါတယ်”လို့မော်လမြိုင်ကျွန်းမြို့နယ် ဘုရားကြီးကျေးရွာမှ ဒေသခံ ဒေါ်စုစုခိုင်က ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်ရှိ သစ်တိုဆိပ်၊ ဘုရားကြီး၊ ကြူချောင်း၊ သရက်ချောင်း၊ ထနီး၊ အုန်းပင်စုစတဲ့ကျေးရွာတွေက ရေကန်၊ ရေမြောင်း၊ ချောင်းအိုင်တွေထဲက ရေကို သောက်သုံးရေအဖြစ် အသုံးပြုနေရတဲ့အတွက် အခုလို ရှော့ခ်တိုက်ငါးဖမ်းဆီးမှုကြောင့် ရေတွေ ညစ်ညမ်းနေရတယ်လို့သိရပါတယ်။

ဒီ ကျေးရွာတွေက သောက်သုံးရေအဖြစ်အသုံးပြုနေတဲ့ မြစ်ချောင်းအင်းအိုင်နေရာ‌တွေမှာ လူ ၃၀ ဦးခန့်က ရှော့ခ်တိုက် ငါးဖမ်းနေတာကြောင့် ရေတွေညစ်ညမ်းနေရပြီး ရေနည်းကာလရောက်လာပြီဖြစ်တဲ့အတွက် ရေကို သောက်သုံးနေတဲ့ ဒေသခံတွေ ဝမ်းပျက်၊ဝမ်းလျှော ရောဂါတွေ ဖြစ်ပွားလာနိုင်တယ်လို့ သိရပါတယ်။

”ဘက္ထရီရှော့ခ်တိုက်ငါးဖမ်းတာတို့ ဆေးချဖမ်းတာတို့ တရားမဝင် ငါးဖမ်းကရိယာတွေနဲ့ ဖမ်းဆီးတာတို့ကို ခွင့်မပြုဘူးလို့ ငါးလုပ်ငန်းဦးစီးဌာနကလည်း ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။ အခုတော့ ဖြစ်စဉ်တွေကို မြေပြင်နဲ့ ချိတ်ဆက်ကာ သေသေချာချာစစ်ဆေးကြည့်မယ် ဘယ်သူတွေလည်းဆိုတာပေါ့ လက်ရှိတော့ တိတိကျကျပြောဖို့ခက်ပါတယ်။ ဖြစ်စဉ်ဟာ မှန်တယ်ဆို အရေးယူမှာပါ”လို့ ဧရာဝတီတိုင်းငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးစောအောင်ရဲထွဋ်က ပြောပါတယ်။

ကျေးရွာတွေမှာ အခုလိုဖြစ်စဉ်မျိုးရှိခဲ့ပါက ဒေသခံတွေအနေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကတဆင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ငါးလုပ်ငန်းဦးစီးဌာနကို တင်ပြလာပါက ငါးလုပ်ငန်းဥပဒေနှင့် ဆက်လက်အရေးယူသွားမှာဖြစ်တယ်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #မော်လမြိုင်ကျွန်း #ရှော့ခ်တိုက်ငါးဖမ်း

Related posts

Leave a Comment

VOM News

FREE
VIEW