တရုတ်နိုင်ငံ ဝူဟန်မြို့ကစတဲ့ ကိုဗစ် ၁၉ ရောဂါဟာ သူတို့နိုင်ငံမှာ အခါလည်သားဖြစ်ပြီး ကမ္ဘာပတ်နေဆဲပါ၊ မြန်မာပြည်ကို အမေရိကန်က ဗီဇာနဲ့ဝင်လာခဲ့တယ်ဆိုတဲ့ ကိုဗစ်ကတော့ မတ်လ ၂၃ ဆိုရင် တနှစ်ပြည့်တော့မှာပါ။ ဒီကနေစခဲ့ ကိုဗစ်ကြောင့် မြန်မာပြည်မှာ သေသူသေ၊ မွဲသူမွဲ၊ ဘဝပျက်သူပျက် နဲ့ ဒုက္ခပင်လယ်ဝေနေဆဲပါ။
စီမံခန့်ခွဲမှုအလွဲတွေ၊ စည်းကမ်းမလိုက်နာသူတွေ ၊ နိုင်ငံရေး ပယောဂတွေကြောင့် ကိုဗစ်ဟာ တအိမ်ဆင်းတအိမ်တက် လူတွေရဲ့အသက်တွေကို လည်ပတ်စားသောက်နေဆဲဖြစ်ပါတယ်။ အစိုးရကလည်း ပြည်သူငြိုငြင်မှာစိုးရိမ်တာလား? စီမံခန့်ခွဲမှု မတတ်တာလား ? လူအင်အား ငွေအင်အား မတတ်နိုင်တာလား ? လားပေါင်းမြောက်များစွာနဲ့ မျက်မမြင်ပုဏ္ဏား ၆ ယောက် ဆင်စမ်းသလို ဖြစ်နေဆဲပါ။
တကျောင်း တဂါထာ တရွာတပုဒ်ဆန်းဆိုသလို တူညီတဲ့ စည်းကမ်း ဥပဒေမရှိဘဲ ထင်သလိုလုပ်နေကြဆဲဖြစ်တာကို အားလုံးမြင်ရမှာပါ။ ကျမ္မာရေးဝန်ကြီးကိုယ်တိုင် ဆေးကုတဲ့ဒေါက်တာဖြစ်ပေမယ့် အာဏာပါဝါအသုံးချမှု အားနည်းတာတွေရှိသလို အသိပညာရှိတဲ့ ဆရာဝန်တွေက ပညာပေးတာတွေလုပ်နေ ပြောနေဆိုနေပေမယ့်လည်း မလိုက်နာကြတဲ့သူတွေကြောင့် ကိုဗစ်က ပျော်ပျော်ပါးပါး ကူးပြီးရင်းကူးနေဆဲပါဘဲ။
အောက်ခြေအုပ်ချုပ်သူတွေကတော့ ကွာရန်တင်းစင်တာတွေ ထပ်ရှာတိုးချဲ့လုပ် ၊ ပရဟိတလုပ်သူတွေ ၊ စေတနာရှင်တွေနဲ့ ဝိုင်းဝန်းပြီး လုပ်အားပေးကြ အလှူခံကျွေးမွေးကြ ၊ ဒီကြား ကျူစင်တာမှာ အဆင်မပြေလို့ အော်ကြဟစ်ကြအသံတွေကလည်းပွက်ပွက်ညံဆဲပါ။
အလုံးစုံ ပိတ်ဆို့မှု Total lock down ကလည်းမလုပ်နိုင်၊ တဝက်တပျက် Semi lock down ဆိုတာလည်း နာမည်နဲ့လိုက်အောင် တဝက်ကလုပ် တဝက်ကပျက်နဲ့ ကစဉ့်ကလျားဖြစ်နေဆဲပါ။ တချို့အိမ်ထဲကနေ အိမ်ပြင်မထွက်ရ ၊ တယောက်တည်းထွက်ချင်ထွက်၊ မွန်းလွဲရင်မထွက်ရ၊ စသဖြင့် မျိုးစုံကြိုးခုန်နေဆဲပါ။ ရပ်ကွက်အဝင်အထွက်စစ်ဆေးသူတွေကိုယ်တိုင်က စည်းကမ်းဆိုတာ နားမလည် လူ ၁၀ယောက်လောက်စုပြီး စစ်ဆေးကြ၊ မာစ်ခ် Mask က လုံခြုံအောင်မတပ်၊ အားနေရင် စုပြီး အာလူးဖုတ်ကြနဲ့ သူ့ဂရုနဲ့သူ ဟုတ်နေကြတာပါဘဲ။
ဒီလိုတွေလုပ်နေကြရင်း အလုပ်အကိုင်မရှိလို့ စားဝတ်နေရေးခက်ခဲနေသူတွေက မထူးဇာတ်ခင်း အရေးပေါ်လူနာတင်ကားလာရင် ကွာရန်တင်း ၁၄ ရက် ဝင်ပြီး လှူတာတန်းတာသွားစားမယ်ဆိုသူတွေတောင်ရှိနေကြတာ အစိုးရမင်းတွေ မကြားတာ မသိတာတော့ မဖြစ်နိုင်ပါ။
ကျူစင်တာဆိုတာတွေဟာလည်း အရေးပေါ်လုပ်ရတော့ ပြည့်စုံတာရှားပါတယ်၊ ပြီးတော့ ရောဂါပိုးရှိသူတွေနဲ့ ထိစပ်လို့ ကျူစင်တာရောက်လာပြီဆို ချက်ချင်းက RDT test Kit နဲ့ စစ်ဆေးမပေးနိုင်တော့ အခန်းထဲရောဂါရှိမှန်း မရှိမှန်းမသိသူတွေနဲ့ ရောနှောနေရတော့ တယောက်နဲ့ တယောက် ယုန်ထင်ကြောင်ထင်တွေဖြစ်ကုန်ရော။
ခုလို ကိုဗစ်ဖြစ်တာ တနှစ်နီးပါးရှိနေချိန်ထိ မာစ်ခ်တပ်နည်းကောင်းကောင်းမသိသေးသူတွေရှိသလို၊ ပီပီအီး စနစ်တကျဝတ်ဖို့၊ စစ်ဆေးတဲ့အခါ ဘယ်လိုပြုမှုနေထိုင်ရမယ်ဆိုတာတွေ ၊ RDT test Kit ဘယ်လိုအသုံးပြုစစ်ဆေးရမယ်ဆိုတာ ကျမ္မာရေးဝန်ထမ်းတွေကိုယ်တိုင်တောင် လေ့လာနေရဆဲ အခြေအနေဖြစ်ပါတယ်။
ဒီကြားထဲ စစ်ကိုင်းတိုင်းအစိုးရက RDT test Kit ကိုယ်တိုင်စစ်ဆေးနိုင်ဖို့ ရောင်းချပေးမယ်ဆိုပြီး အစိုးရရဲ့ ပြန်ကြားရေးလက်အောက်ခံ ကလေးမြို့ ပြန်ကြားရေးက တင်ထားတာတွေ့ရတော့ ဆရာဝန်တွေကြား အတော်တုန်လှုပ်ရတယ်လို့ ကြားသိရပါတယ်။ ဆရာဝန်တွေကိုယ်တိုင် စစ်ဆေးကိုင်တွယ်နည်းသေချာ လေ့လာသင်ကြားပို့ချနေရချိန် အရပ်သားတွေက ဘယ်လို စစ်ကြမလဲ အတော်ရင်လေးစရာ ပြီးစလွယ်အစီအစဉ်တွေပါ။ တချို့စက်ရုံအလုပ်ရုံတွေက အလုပ်မပိတ်ချင်တော့ ကိုယ့်ဟာကို RDT test Kit တွေ ဝယ်စစ်ပြီး အလုပ်သမားတွေကို အလုပ်ဆင်းခိုင်းလို့ သက်ဆိုင်ရာက တားနေရပါတယ်။ ပုဂ္ဂလိက ဆေးရုံတွေမှာတောင် စစ်ခွင့်ပေးမထားသေးတဲ့ အချိန်မှာ ဒီလိုတွေလုပ်နေတာတွေက အတော်နားလည်ရခက်တဲ့ တလွဲစီမံမှုတွေပါ။
နောက်ပြီး မနက်ဖြန်ဆိုရင် ပြည်တွင်းလေကြောင်းတွေပြန်ဖွင့်ပေးမယ်တဲ့၊ Negative ဖြစ်ကြောင်းထောက်ခံချက်ပါရမယ် ကျမ္မာရေးစည်းကမ်းတွေလိုက်နာရမယ်လို့ ဆိုထားပေမယ့် အဲဒီထောက်ခံချက်တွေက အတုတွေပေါ်နေတာမို့ ထောက်ခံချက်စစ်ကြောင်း ဘာနဲ့ ပြန်စစ်ဆေးကြမလဲဆိုတာ ရောရာသေချာတဲ့ အစီအစဉ်ရှိဟန်မတူပါဘူး။
ကိုဗစ်ကာကွယ်ဆေးဆိုတာ ချမ်းသာတဲ့နိုင်ငံကြီးတွေတောင် စထိုးဖို့စီစဉ်ဆဲအချိန် မြန်မာနိုင်ငံမှာရဖို့က အတော်အလှမ်းဝေးပါသေးတယ်။ တချို့ ခုပဲရမလို မစားရဝခမန်းပြောနေတာတွေကို အယုံလွယ်တာရှိသလို မှောင်ခိုဆေးဈေးကွက်မှာ ရနေပြီဆိုပြီး ထိုးပြီးသူတောင်ရှိတယ်ကြားနေရပြီး ပေါ့ပေါ့တန်တန်နဲ့ မကြောက်မရွံ့သွားလာနေသူတွေလည်း အုံနဲ့ကျင်းနဲ့ ရှိနေဆဲပါ။
အပြင်ထွက်သွားလာနေသူတွေကို ဒဏ်ရိုက်ယုံနဲ့ ဒီကိစ္စတွေကပြီးမသွားပါဘူး၊ ဒီဘက်ကစစ်ရင် ဟိုဘက်က ပတ်သွားမယ်ဆိုသူတွေရှိသလို၊ စောင့်ကြပ်စစ်ဆေးသူတွေက ဘယ်လောက်ကြာကြာ စစ်ဆေးနိုင်မလဲဆိုတာ စီမံခန့်ခွဲခွင့်ရတဲ့သူတွေ သိပြီးသားဖြစ်မှာပါ။
ကိုဗစ် positive ဖြစ်ရင်ဘယ်လောက်ခံရတယ် ၊ ဘယ်လိုအခက်ခဲရှိတယ်၊ ကျမ္မာရေးဝန်ထမ်းတွေ ၊ အုပ်ချုပ်ရသူတွေ မနိုင်မနင်းဖြစ်နေတယ်ဆိုတာတွေ အားလုံးကြားသိကြပေမယ့် မကြားချင်ယောင်ဆောင် ပေါ့ဆနေကြသူတွေထဲ စီမံခန့်ခွဲသူတွေလည်းပါနေတာ စိတ်မကောင်းစရာပါ။
ဒီတော့ ကျနော်တို့ ပြည်သူတွေကိုယ်တိုင် ကျမ္မာရေးအသိ၊သတိရှိဖို့ လိုပါပြီ။ ကျမ္မာရေးဝန်ထမ်းတွေ တကယ်ပင်ပန်းနေကြပြီး ဆေးဝါးလုံလောက်မှုမရှိတာ၊ အောက်စီဂျင် အလုံအလောက်မပေးနိုင်တာ၊ ဝန်ထမ်းမလုံလောက်တာတွေက တကယ်ဖြစ်နေတာပါ။ ကိုဗစ်ရှိမှန်း မရှိမှန်းမသိ စစ်ဆေးဖို့ကလည်း မတတ်နိုင် ဒီလိုလူတွေကလျှောက်သွားလာနေတော့ တနေ့ ကိုယ့်အိမ်ကို ကိုဗစ်က အလည်မခေါ်ဘဲ ရောက်လာမှာ မလွဲပါဘူး။ တိုင်းပြည်စီးပွားရေးကလည်း နလန်ထူဖို့ အတော်ကုန်းရုန်းထရဦးမှာပါ။ တကမ္ဘာလုံးမှာဖြစ်နေတာဆိုပေမယ့် ကျနော်တို့လို ဆင်းရဲမွဲတေတဲ့နိုင်ငံက သူများတွေထက် ပိုပင်ပန်းခက်ခဲအောင် ရုန်းကြရဦးမှာပါ။
ပြောစရာတွေတစ်ပုံတစ်ပင်ကြီးပါ။ ကာကွယ်ဆေးဆိုတာကလည်း မမြင်ရသေး မြင်ရလို့ပေါ်လာပါပြီတဲ့ အားလုံးတန်းတူထိုးပေးနိုင်မလား၊ လူနည်းစုထိုးနိုင်ရင်ရော အဆင်ပြေမှာလား။ တချို့က ပြောကြတယ် ဆုတောင်းကြတာပေါ့ ဘုရားကု ကုကြတာပေါ့ဆိုတာက လက်တွေ့မကျပါဘူး ။ ကျနော်တို့ကိုယ်တိုင် လိုက်နာကြဖို့လိုပါတယ်။
မဟာဗျူဟာတွေ ၊ နည်းဗျူဟာတွေ ဘယ်လောက်ကြီးချမှတ်ချမှတ် လူတွေက ပိုအရေးကြီးပါတယ်။ စီမံခန့်ခွဲခွင့်ရသူတွေအနေနဲ့လည်း ဘာရအောင်လုပ်ပေးမယ်၊ ညာဖြစ်အောင်လုပ်နေပြီစတဲ့ မစားရညှော်ခံ စကားတွေပြောနေမယ့်အစား မကြောက်သူတွေကို ကြောက်အောင် ခြောက်သင့်တာခြောက်၊ အခြေအနေမှန်ကို ဖွင့်ချပြသင့်တာပြပြီး ပြည်သူလူထုကို သေချာလိုက်နာအောင် လုပ်သင့်ပါပြီ။ လော့ဒေါင်းတို့ ၊ စီမီးလော့ဒေါင်းတို့၊ ဘာကွာရန်တင်း ၊ ညာကွန်ရန်တင်းဆိုတာတွေနဲ့ နိုင်ငံတကာအကူအညီ၊ ချေးငွေတွေချေး ဟိုလူမရ ဒီလူမရ ထောက်ပံ့ရေးတွေနဲ့ ဆင့်ပါးစပ်နှမ်းပက်သလို လုပ်နေယုံနဲ့ ကိုဗစ်ကြီးကပြန်သွားမှာမဟုတ်သလို စီးပွားရေးက အလိုလိုပြေလည်လာမှာမဟုတ်ပါဘူး။
ဒီတော့ဘာလုပ်ကြမလဲဆိုရင် လူထုကိုသေချာစည်းကမ်းတကျလုပ်နိုင်အောင်၊ လုပ်တတ်အောင် ဖန်တီးစီစဉ်ပေးပြီး၊ ပုံမှန်ဘဝတွေ ရှင်သန်လှုပ်ရှားနိုင်အောင် နည်းလမ်းတွေ လုပ်ပြ ညွှန်ပြမှ မြွေမသေ တုတ်မကျိုး ၊ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအနေအထား ရောက်မှာဖြစ်ကြောင်း အယ်ဒီတာ အာဘော်ကဏ္ဍကနေ တင်ပြလိုက်ရပါတယ်။
VOM အယ်ဒီတာအဖွဲ့
ဓါတ်ပုံ-MOHS