ပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည်

(အယ်ဒီတာအာဘော်)

 

နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လိုအပ်လို့ အာဏာထိန်းသိမ်းရပါတယ်ဆိုပြီး တိုင်းပြည်ရဲ့ မဏ္ဍိုင် ၃ရပ်ကို ဖေဖေါ်ဝါရီ ၁ရက်မနက်အစောကစပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့က ထိန်းချုပ်လိုက်ပါတယ်။ အဲဒီနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ(နစအ)ဖွဲ့ပြီး ကိစ္စအဝဝကို ဦးဆောင်လုပ်လာတဲ့နောက် ဖေဖေါ်ဝါရီ ၆ ရက်ကစပြီး လူထုဟာ လမ်းပေါ်ထွက်ဆန္ဒပြတာ ဒီကနေ့ဆို ၁၃ ရက်ရှိနေပြီဖြစ်ပါတယ်။

 

ဆန္ဒပြမှုတွေဟာ မြို့ကြီးတွေနဲ့ မြို့နယ်အတော်များများမှာ သိန်းချီရှိလာခဲ့သလို ဝန်ထမ်းတွေရဲ့ ရုံးမတက်တဲ့ CDM လှုပ်ရှားမှုတွေလည်း ကျယ်ပြန့်လာလို့ နစအ ကောင်စီက အခြေအနေကို ထိန်းနိုင်အောင်ကြိုးစားပြီး ဖမ်းပြီးတရားစွဲသူစွဲ ၊ စာထုတ်ပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဖိအားပေးခေါ်တာတွေ စသဖြင့် အခြေအနေက တင်းမာနေဆဲဖြစ်တယ်။

 

ဒီလိုတတိုင်းပြည်လုံးနီးပါး အုတ်အော်သောင်းနင်းဖြစ်နေချိန်မှာ တခြားတဖက်မှာလည်း ပြည်ပနိုင်ငံရဲ့ဖိအားတို့ အကူအညီတို့မျှော်လင့်နေကြသူတွေလည်းရှိပါတယ်။ ဒီထဲမှာ သာမာန်ပြည်သူတွေအပြင် ရွေးချယ်ခံအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တချို့ ကိုယ်တိုင်လည်း ပြည်ပအကူအညီ အထူးသဖြင့်အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စစ်ရေးဆိုင်ရာ အကူအညီကို မျှော်လင့်တဲ့ လေသံတွေနဲ့ ရေးသားနေကြတာတွေ့ရပါတယ်။

 

မြန်မာငွေစက္ကူအတု တရုတ်ကထုတ်တယ်ဆိုတဲ့ ကောလဟလ

ဒီလိုမျှော်လင့်တာဟာ ရေနစ်သူအတွက် ကောက်ရိုးတမျှင်ဟာ အားထားစရာမို့ မျှော်လင့်ထိုက်ပါတယ်။ ဒါပေမယ့် အခြားတဖက်မှာလည်း ဒီအခြေအနေတွေကို အခြေပြုလို့ ရည်ရွယ်ချက်လွဲမှားနေတဲ့ သတင်းမှားဖြန့်ဝေမှုတွေရှိနေတာတွေ့ရပါတယ်။ ဒါဘာလဲဆိုရင် မြန်မာနိုင်ငံကို တရုတ်က အင်တာနက်ဖျက်စီးတဲ့ နည်းပညာနဲ့ ပစ္စည်းအထောက်အကူတွေရောက်တယ်ဆိုတဲ့ အထောက်အထားမပြနိုင်တဲ့ ကောလာဟလ၊ အဓိကရုဏ်းနှိမ်နင်းရာမှာ တရုတ်စစ်သားတွေကို အသုံးပြုလာတယ်ဆိုပြီး ရန်ကုန်မြေနီကုန်းမှာ တင်ကားပေါ်က တရုတ်မျက်နှာပေါက်ရှိတဲ့ ဗမာစစ်သားကို တရုတ်စစ်သားပါဆိုပြီး ဆိုရှယ်မီဒီယာမှာ ဖြန့်ဝေနေတာတွေ၊ တရုတ်က မြန်မာငွေစက္ကူအတုတွေရိုက်ပြီး နစအကို ကူညီပေးနေတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ သတင်းတွေ လူထုကြားမှာ ပျံ့နှံနေပါတယ်။

 

တချို့ကလည်း တောင်တရုတ်ပင်လယ်မှာ အမေရိကန် ရေတပ်တွေ တပ်စွဲထားပြီဆိုပြီး ပုံမှန်အမေရိကန်ရဲ့ လုပ်နေကျ လုပ်ငန်းစဉ်တွေကို ပုံမှန်အမေရိကန်ရဲ့ လုပ်နေကျ လုပ်ငန်းစဉ်တွေ၊ လက်ရှိဖြစ်နေတဲ့ တောင်တရုတ်ပင်လယ် အခြေအနေတွေကို ချန်လှပ်ထားပြီး၊ လိုသလိုဆွဲ ပြောနေတာတွေလည်း တွေ့နေရပါတယ်။

 

တရုတ်ပစ္စည်းမသုံးရေး လှုံ့ဆော်မှုတခု

ဒီလို အခြေအမြစ်မရှိတဲ့ အကြောင်းအရာတွေကို သတင်းမီဒီယာသမားတွေက ဒီသတင်းတွေ မမှန်ကန်ပါဘူးလို့ ရေးသား ပြောဆို ဖြန့်ဝေပေးနေတာတွေ ရှိနေပေမယ့်လည်း လူထုကြားမှာ ထိန်းမရအောင်ကို ပျံ့ပြီး တချို့ဆိုရင် အမှန်အကန်လို့ ယုံကြည်နေကြပါတယ်။

 

ဒါ့အပြင် တရုတ်ပိုက်လိုင်းကို ဖေါက်ခွဲဖျက်စီးရမယ်၊ တရုတ်ပိုက်လိုင်း ပေါက်ကွဲသွားပါပြီ ဆိုပြီး ဓာတ်ပုံ အမှားတွေနဲ့ ဖြန့်ဝေလာတာတွေ၊ တရုတ်ကလာတဲ့ ပစ္စည်းတွေကို ဝယ်မသုံးသင့်ဘူး၊ ဝယ်သုံးသူကို ရောင်းချသူတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရမယ် ဆိုတဲ့ လှုံ့ဆော်မှုတွေ၊ လူထုလှုပ်ရှားမှုတွေကို တန်ပြန်တဲ့အခြားအစုအဖွဲ့တွေကို အကြမ်းဖို့ အားပေးအားမြှောက်ပြုမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလာတာကိုလည်း တွေ့လာရပါတယ်။
ဒီလိုလုပ်ရပ်တွေဟာ လက်ရှိလုပ်နေတဲ့ အကြမ်းမဖက် လမ်းစဥ်နဲ့ သွေဖီတာကြောင့် ဒီအချက်အလက်တွေကို ဆက်မဖြန့်ဖို့၊ အကြမ်းဖက်တာတွေ မလုပ်ဖို့ လူထု အချင်းချင်း ပြန်လည်တားမြစ်နေရတာတွေ၊ သတင်းအချက်အလက်မှားတွေကို ပြန်လည်ချေဖျက်ဖို့ ကြိုးစားအားထုတ်နေကြရတာတွေကလည်း တပုံတပင်ပါပဲ။

 

ဒါတွေကို ဘယ်လိုလူတွေက စဖြန့်သလဲ ဘယ်လိုဖြစ်စေချင်တာလဲ ဆိုတာစဉ်းစားစရာဖြစ်နေပါတယ်။ လူထုရဲ့  အကြမ်းမဖက်တဲ့ နိုင်ငံရေးလှုပ်ရှားမှုကို တခြားဘက် ဦးလှည့်စေချင်တာလား ၊ တရုတ်စစ်သားတွေ မြန်မာပြည်ထဲလာရင် အမေရိကန်က ငြိမ်နေမှာ မဟုတ်ဘဲ ဝင်တိုက်နိုင်တယ်ဆိုတဲ့ တရုတ်နဲ့အမေရိကန်အဆင်မပြေတာကို အခွင့်အရေးတရပ်လို့ အသုံးချချင်သူတွေကပဲ ဖြန့်သလား ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်ရဲ့ ခေတ်အဆက်ဆက်က မြန်မာအာဏာရှင်တွေအပေါ် ဖေးမကူညီတာ လျော့သွားအောင် စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ လုပ်သလားဆိုတာတွေကတော့ စဉ်းစားစရာတွေဖြစ်လာပါတယ်။

 

တကယ်တော့ ဒီလိုအတွေးအခေါ်တွေ မျှော်လင့်ချက်တွေဟာ ၁၉၈၈ အရေးအခင်းတို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်ဖြစ်ချိန်တို့မှာလည်း ဒီလိုသတင်းတွေဖြန့်ဝေရင်း အချိန်ကုန်ခဲ့ကြပြီးဖြစ်တာကို အားလုံးသိပြီးဖြစ်ကြမှာပါ။

 

တကယ်တော့ တိုင်းပြည်ရဲ့ အခက်အခဲတွေကိုဖြေရှင်းဖို့ဆိုရင် လက်ရှိလူထုအင်အားကိုရနေတဲ့ အနိုင်ရပါတီက အဲ့ဒီအင်အားကို ယုံယုံကြည်ကြည်အသုံးချပြီး ဦးဆောင်မှု‌ပေးမလား၊ အာဏာသိမ်းထားတဲ့ နစအ ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းသုံးမလား ဒါတွေကတော့ လူထုက အာဏာကုန်လွှဲအပ်ထားပြီးဖြစ်တဲ့ NLD ပါတီက ဆုံးဖြတ်ရမှာပါ။

 

VOM အယ်ဒီတာ့အာဘော်အနေနဲ့ ပြောရရင်တော့ အရင်ခေတ်အဆက်ဆက်က အာဏာရှင်တွေဟာ သူတို့အနေနဲ့ လူထုကို ထိန်းလို့မနိုင်ရင် သတင်းအမှားတွေ၊ လုပ်ကြံထားတဲ့ အချက်အလက်တွေနဲ့ အခြားအာရုံတခုခုဆီကို လွှဲပြီး လူထုလမ်းလွဲသွားအောင် လုပ်ခဲ့ဖူးတဲ့ သာဓကတွေကို ပြန်စဉ်းစားပြီး ဦးနှောက်နဲ့ အင်အားကို အသုံးချမှသာ တိုင်းပြည်သာယာမှာမို့ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုတာကို တင်ပြလိုက်ရပါတယ်။

 

 

VOM အယ်ဒီတာအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW