မူလဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်း ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် အင်္ဂလန်မှာတွေ့ရှိ

လန်ဒန်၊ ဒီဇင်ဘာ-၂၀-၂၀၂၀
မျိုးဆက် (VOM)

ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီ; ဗြိတိန်တာဝန်ရှိသူတွေ အနီးကပ် ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ မူလဗိုင်းရပ်စ်ထက် ပိုမိုလျှင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်ပေမယ့် ကူးစက်မှုကြောင့် ပိုမိုသေဆုံးနိုင်ဖွယ်မရှိဘူးလို့ ယူဆရပါတယ်။

လန်ဒန်အပါအဝင် အင်္ဂလန်အရှေ့တောင်ပိုင်းရှိ ဒေသအများအပြားမှာ ကူးစက်မြန် ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးစိတ်သစ်ကိုထိန်းချုပ်ဖို့ ကြိုးပမ်းမှုအဖြစ် ပိုမိုတင်းကြပ်တဲ့ ကန့်သတ်မှုတွေ ချမှတ်ထားပါတယ်။

သေချာရေရာတဲ့ အချက်အလက်တွေ မထွက်ပေါ်သေးပေမယ့် ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ မူလဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်းကျော် ပိုမိုကူးစက်မြန်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကပြောပါတယ်။

ဒါပေမယ့် ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ သေဆုံးမှုပိုမိုမြင့်မားခြင်း သို့မဟုတ် ကာကွယ်ဆေးထိုးခြင်းနဲ့ ကုသမှုတွေမှာ ကွဲပြားခြားနားတဲ့ သက်ရောက်မှုရှိတဲ့ သက်သေအထောက်အထားမတွေ့သေးဘူးလို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဗိုင်းရပ်စ်မျိုးစိတ်သစ် ကူးစက်မှုတွေကြောင့် ဗြိတိန်ကနေလာရောက်တဲ့ လေကြောင်းလိုင်းတွေကို ပိတ်ပင်သွားမယ်လို့ နယ်သာလန်နိုင်ငံက ထုတ်ပြန်ထားပြီး ဒီလို တားမြစ်ပိတ်ပင်တာကို ဇန်နဝါရီ ၁ ရက်နေ့အထိ ထားရှိသွားမယ်လို့ ဆိုပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW