တ.စ.ည ပါတီရဲ့ တတိယမြောက်ဥက္ကဋ္ဌ ဦးသန်းတင် ကွယ်လွန်

ဇန်နဝါရီ ၁၅-၂၀၂၁
သိင်္ဂီထွန်း(VOM)

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တ.စ.ည)ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးသန်းတင်ဟာ မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း မနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ညပိုင်းက ကွယ်လွန်သွားပြီဖြစ်တယ်လို့ ပါတီရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ဥက္ကဋ္ဌကြီးကွယ်လွန်တဲ့အပေါ် ပါတီဌာနချုပ်အနေနဲ့ကတော့ မိဘတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဆုံးရှုံးသွားတာဖြစ်လို့ ဌာနချုပ်က တာဝန်ရှိတဲ့သူတွေ လိုက်ပို့ပါမယ်။ ပါတီအနေနဲ့ ဆက်လုပ်မယ့်ကိစ္စကတော့ CEC အစည်းအဝေးထိုင်ပြီးမှပဲ ဘယ်လိုလုပ်မလဲသိပါမယ်။ ဥက္ကဋ္ဌကြီးကလည်း နေမကောင်းဖြစ်နေတာ အချိန်အတော်ကြာပြီဖြစ်နေတော့ သူနေမကောင်းစဉ်ကတည်းက ဒီမှာရှိတဲ့တွဲဖက်အထွေထွေအတွင်းရေးမှူး၊ အထွေထွေအတွင်းရေးမှူး အဲ့ဒီ နှစ်ယောက်က အိန္ဒြေမပျက် လုပ်နေပါတယ်”လို့ တ.စ.ည ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းရီကပြောပါတယ်။

ပါတီဥက္ကဋ္ဌကြီးဟာ အရင်က တပ်မတော်သားဖြစ်ခဲ့တာကြောင့် သူ့ကို မင်္ဂလာဒုံ စစ်သချိုင်္င်းမှာပဲ မီးသဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်။

တ.စ.ည ပါတီအတွင်း ဆက်လက်လုပ်ဆောင်ရမယ့်ကိစ္စတွေကိုတော့ ကိုဗစ်ကပ်ရောဂါကာလ ကန့်သတ်ချက်တွေ မရှိတော့တဲ့အချိန်ရောက်မှသာ ပါတီညီလာခံခေါ်ပြီး အစည်းအဝေးဆက်လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးကတည်းက ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ပါတီဥက္ကဋ္ဌ ဦးသာကျော်ကလည်း ပါတီ တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့သလို၊ ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးထွန်းရီကလည်း တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ကြောင်း၊ အခုလက်ရှိ ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး သန်းတင်ကလည်း ပါတီတာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အဲ့ဒီအတွေ့အကြုံပေါ်မူတည်ပြီး CEC ၊ ဗဟိုကော်မတီအစည်းအဝေးခေါ်တဲ့အခါ ပါတီအနေနဲ့နိုင်ငံတော်တည်ရှိမှုနဲ့အတူ ရေရှည်ရပ်တည်သွားမယ်ဆိုတဲ့ သံဓိဌာန်ချမှတ်ထားတဲ့အပေါ် ရေရှည်ရပ်တည်သွားမယ့် အခြေအနေတွေကို လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း တ.စ.ညပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းရီရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo – တ.စ.ညပါတီ
#voiceofmyanmar #VOM #ရန်ကုန် #တစညပါတီ #ဥက္ကဋ္ဌ #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW