ထိုင်းရဲစခန်းမှာ အဖမ်းခံထားရတဲ့ မြန်မာအမျိုးသမီးကို ရဲအရာရှိက မုဒိမ်းမှုကျူးလွန် 

ဘန်ကောက်၊ ဇန်နဝါရီ-၁၅-၂၀၂၁
မျိုးဆက် (VOM)
ထိုင်းနိုင်ငံ ဆူရက်ဌာနီပြည်နယ်က ဒေသခံရဲစခန်းတစ်ခုမှာ မူးယစ်ဆေးဝါးမှုသံသယနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးကို တာဝန်ကနေ ရပ်ဆိုင်းလိုက်ပါတယ်။
မုဒိမ်းမှုကျူးလွန်ခဲ့သူ အရာရှိဟာ ဆူရက်ဌာနီပြည်နယ် ကော့စမွီခရိုင်မှာရှိတဲ့ ဘိုဖတ်ရဲစခန်းမှာ အမှုစစ်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
ကျူးလွန်သူ ရဲအရာရှိကို တာဝန်ကနေရပ်ဆိုင်းဖို့ ဆူရက်ဌာနီပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဆာသစ်ဖိုပီနစ်က ဇန်နဝါရီ ၁၃ ရက်မှာ အရေးပေါ်အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပြီး ဒီကိစ္စကို ခုနှစ်ရက်အတွင်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ စည်းကမ်းထိန်းသိမ်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးလိုက်ပါတယ်။
ဖြစ်စဉ်ဟာ ဇန်နဝါရီ ၁၃ ရက် နံနက်  ၁ နာရီ ၅၀ မိနစ်နဲ့ ၂ နာရီ ၃၀ မိနစ်အကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးမှုနဲ့ ဘိုဖတ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ အသက် ၂၁ နှစ်အရွယ်မြန်မာအမျိုးသမီးကို ရဲအရာရှိက တစ်ခြားအခန်းတစ်ခုကို ခေါ်ယူသွားပြီး မုဒိမ်းကျင့်ခဲ့ပြီးနောက်ပိုင်း အချုပ်ခန်းကို ပြန်ပို့ပေးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာအမျိုးသမီးဟာ မြန်မာသံရုံးကို အသိပေးအကြောင်းကြားခဲ့တာကြောင့် သံရုံးကနေ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ကျူးလွန်ခဲ့သူ ရဲအရာရှိကို စစ်ဆေးရာမှာတော့ ဖြစ်စဉ်အချို့ကို ဝန်ခံခဲ့ပေမယ့် တစ်ချို့ကိုတော့ ငြင်းဆိုထားပါတယ်။
သူ့ကို မုဒိမ်းမှုစွဲချက်နဲ့ ကော့စမွီတရားရုံးမှာ ထိန်းသိမ်းထားပြီး မြန်မာအမျိုးသမီးကိုတော့ ဆေးစစ်ဖို့အတွက် ကော့စမွီဆေးရုံးကို ပို့ဆောင်ထားပါတယ်။
Ref: The Nation
Photo: The Nation
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW