ပြည်မြို့မှာ စစ်တပ်က သေနတ် ၂ ချက်ပစ်ဖောက်ပြီး သံပုံးတီးတဲ့ နေအိမ်တစ်ခုကို ဖျက်ဆီးမှုဖြစ်ပွားခဲ့

ဖေဖော်ဝါရီ ၂၁-၂၀၂၁
သိင်္ဂီထွန်း(VOM)

မနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ည ၈ နာရီ မိနစ် ၃၀ အကျော်လောက်က ပြည်မြို့မှာ စစ်တပ်က သေနတ် ၂ ချက်ပစ်ဖောက်ခဲ့ပြီး ရပ်ကွက်ထဲကနေအိမ်တစ်ခုကိုလည်း သံပုံးတီးတယ်ဟုဆိုကာ အိမ်တံခါးဖျက်ဆီးခဲ့သလို၊ ဆိုင်ကပစ္စည်းတွေကိုလည်း ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ နေအိမ်ဖျက်ဆီးခံရတဲ့ ကာယကံရှင်ဆီကနေ သိရပါတယ်။

“သေနတ်သံ၂ချက်ကြားတယ်၊ အိမ်နားကကပ်ကြားတယ်။ ပြီးတော့လူကိုလည်းရိုက်သွားတဲ့အသံမျိုး ကြားလိုက်ရတယ်။ ဒါပေမယ့်ဘယ်သူလဲမသိဘူးပေါ့။ အမတို့အိမ်က အိမ်အရှေ့တံခါး၊ အိမ်အထဲမှာလည်း အိမ်မတံခါးရှိတယ်၊ အဲ့ဒါလည်း ပိတ်တယ်။ ဒါပေမယ့် သေနတ်သံတွေကြားတော့ အိမ်ထဲကအလယ်တံခါးကို ဖွင့်ပြီးသွားပြီ၊ ပထမဆုံးတံခါးကတော့မဖွင့်ရသေးဘူး။ အဲ့မှာ အိမ်ထဲမှာအိပ်နေတဲ့ ကလေးတွေက အရှေ့ကိုထွက်ကြည့်တော့ သူတို့တွေက အရင်ရောက်သွားကြပြီ။ အဲ့ဒီမှာ စစ်သား အယောက် ၃၀ လောက် လူအုပ်ကြီးကဒီလမ်းထဲကိုဝင်ချလာတယ်။ သေနတ်တွေနဲ့ဝင်လာတော့ သံပုံးတီးမှဖြစ်မယ်လို့ ပြောတဲ့အချိန် အဖေကအရှေ့တံခါးကနေချောင်းနေတယ်။ အဲ့မှာ အမတို့အခန်းကမတီးရသေးဘူး။ ဒါပေမယ့် သံပုံးသံကထွက်သွားတော့ အမတို့အခန်းတီးတယ်ထင်ပြီး သူတို့က တီးစမ်းတီးစမ်းဆိုပြီး အိမ်ရှေ့တံခါးကိုဖျက်ဆီးတယ်၊ ငါလိုးမသားတွေလို့ပြောတယ်၊ သံပုံးတီးသံ မခံစားနိုင်တော့ဘူးလို့လည်း ပြောတယ်။ ဆဲလည်းဆဲတယ်။အိမ်ထဲတံခါး ကျွနိးတံခါးကိုလည်းဖွင့်ခိုင်းတယ်။ဖွင့်မရတော့ ဆိုင်ကပစ္စည်းတွေကိုဖျက်ဆီးတယ်။အိမ်ထဲကအသံတွေငြိမ်သွားမှ သူတို့ကပြန်သွားတယ်။”လို့ နေအိမ်ဖျက်ဆီးခံရတဲ့ ကာယကံရှင်ဖြစ်သူက ပြောပြပါတယ်။

နေအိမ်ဖျက်ဆီးခံရတဲ့ အိမ်ကမိသားစုတွေအနေနဲ့ လူကို အန္တရာယ်ပြုတဲ့အထိ မခံခဲ့ရပေမယ့် ပြည်သူတွေရဲ့အိမ်ကို ခုလိုအကြမ်းဖက်တဲ့လုပ်ရပ်ကတော့ လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။

ည ၈နာရီအကျော် စစ်သားတွေကင်းလှည့်နေချိန်မှာ လေးခွနဲ့ပစ်တဲ့အတွက် သေနတ်ပစ်ဖောက်လိုက်တာဖြစ်တယ်လို့လည်း ဒေသခံအချို့က ဆိုကြပါတယ်။ ဆေးဝယ်ပြီးပြန်လာတဲ့ လူငယ်နှစ်ဦး စစ်ကားနဲ့တိုးတဲ့အချိန်မှာ စစ်သားတွေက နံပါတ်တုတ်နဲ့ ရိုက်လို့ထွက်ပြေးတာကို သေနတ်နဲ့ပစ်တာလို့လည်း အတည်မပြုနိုင်တဲ့သတင်းတွေအရ သိရပါတယ်။

အခုလက်ရှိမှာတော့ ပြည်မြို့ပေါ်က ဒေသခံပြည်သူတွေအပါအဝင် ကျေးလက်နေပြည်သူတွေအထိပါ ညဘက်မှာ စိုးရိမ်ထိတ်လန့်မှုတွေရှိနေပြီး မြို့ပေါ်က တချို့ရပ်ကွက်တွေကတော့ ကင်းစောင့်နေတာတွေရှိနေပါတယ်။

စစ်တပ်နဲ့ရဲတပ်ဖွဲ့ကတော့ ပြည်သူတွေအနေနဲ့ လူ ၅ ဦးထက်ပိုမစုဝေးဖို့နဲ့ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အတွက် ည ၈နာရီကနေ မနက်၄နာရီအထိ အပြင်မထွက်ဖို့ကို မြို့ပေါ်အပါအဝင် ကျေးရွာတွေအထိ လိုက်လံအသိပေးပြောဆိုမှုတွေ ရှိနေပါတယ်။

#VoiceOfMyanmar #VOM #ပြည် #စစ်တပ် #နေအိမ်ဖျက်ဆီး

Related posts

Leave a Comment

VOM News

FREE
VIEW