ရန်ကုန်မြို့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူ ၇၀၀ကျော်ကို ပြန်လွှတ်​

ရန်ကုန်၊ မတ် ၂၄-၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးက ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူတွေအနက် အယောက် ၇၀၀ကျော်ကို ဒီနေ့ မတ် ၂၄ ရက် မနက်ပိုင်းက အင်းစိန်အကျဉ်းထောင်ကနေ လွှတ်ပေးခဲ့တယ်လို့ ရှေ့နေတွေကနေ သိရပါတယ်။

ဒီနေ့ ပြန်လည်လွတ်​မြောက်သူတွေဟာ မတ်လ၂ရက်နဲ့ ၃ရက်နေ့က ရန်ကုန်မြို့ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးထားသူတွေထဲက အချို့ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေဦးမြင့်အောင်က VOMကို ပြောပါတယ်။

“ဒီနေ့တော့ သုံးရာလောက်ပဲလွှတ်မယ်ထင်တယ်၊ ခွဲလွတ်မယ်လို့သိရတယ်။ အားလုံးပေါင်း ၇၀၀ပြန်လွှတ်တာပါ” လို့ ပြောပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ တောင်ဥက္ကလာပမှာ နေထိုင်သူတစ်ဦးက “ကျွန်မက ဆန္ဒပြလဲမပြဘူး fbပေါ်မှာဘာပို့စ်မှလည်းမတင်ဘူး ဒလန်ကချွန်လို့သံပုံးတီးလို့ အိမ်ပေါ်အထိတက်ဖမ်းတာ” လို့ VOMကို ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးရာမှာ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းအသီးသီးသို့ YBSယာဉ်တွေနဲ့ တင်ဆောင်ပြီးနောက် ရဲစခန်းကနေတဆင့် ပြန်လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

တပ်မတော်မှ အာဏာရယူပြီးနောက် ဖေဖော်ဝါရီ၁ရက်ကနေ မတ်လ ၂၂ရက်နေ့အထိ နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေ စုစုပေါင်း၂၆၈၂ ဦး ဖမ်းဆီးခံခဲ့ရပြီး အမှုဖွင့် တရားစွဲဆိုခံထားရသူပေါင်း၂၃၀၂ ဦးရှိတယ်လို့ AAPP က မတ်လ ၂၃ရက်မှာ ထုတ်ပြန်ထားပါတယ်။

#VoiceOfMyanmar #VOM #ဖမ်းခံရသူ #ပြန်လွတ် #အင်းစိန်ထောင်

Related posts

Leave a Comment

VOM News

FREE
VIEW