ပုလဲမြို့နယ်က သုဿန်ထဲမှာ လူ ၃ ဦး မီးရှို့သတ်ခံရ

ဧပြီ ၊ ၈ ၊ ၂၀၂၁
KTG (VOM)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ရွာထင်ကျေးရွာ အနောက်ဘက်က သုဿန်ထဲမှာ ဧပြီ ၇ ရက် မနေ့ ညပိုင်းက လူ ၃ ဦး မီးရှို့သတ်ခံရတယ်လို့ သိရပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုဝင် တစ်ယောက်ပြောတာက ” ရွာအနောက်ဘက်က ထန်းရွက်ပုံ မီးရှို့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူ ၂၀၀ လောက်က လာဝိုင်းပြီး လက်ပြန်ကြိုးတုတ် ခေါ်သွားတယ် ၊မီးရှို့သတ်ခံရတဲ့ သူ ၃ ယောက်ကတော့ ဦးခင်မောင်ဆွေ အသက် ၆၀ နှစ် ၊ ဦးကျော်ဆန်းလင်း အသက် ၅၀ နှစ် နဲ့ ဦးမောင်နိုင် အသက် ၃၅ နှစ်တို့ဖြစ်တယ်”လို့ VOM ကိုပြောပါတယ်။

မျက်နှာဖုံးစွပ်ထားတဲ့ လူ ၄၀ လောက်က
သေဆုံးသူလူ ၃ ယောက်ကို နေအိမ်ကနေ လက်နောက်ပြန်ကြိုးတုတ်ပြီး သုဿန်ဘက်ကိုခေါ်​သွားကာ တာယာကွင်းတွေနဲ့ မီးရှို့သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသူတွေရဲ့ နေအိမ်တွေနဲ့ ပရိဘောဂ ပစ္စည်းတွေဖျက်စီးခံရကာ ရွှေထည်ပစ္စည်းနဲ့ ငွေကြေး တချို့လည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ယင်မာပင် ခရိုင်ရဲတပ်ဖွဲ့ရုံးကို သတင်းအတည်ပြုချက်ရနိုင်ဖို့ VOM က ဆက်သွယ်မေးမြန်းခဲ့ရာ ရဲဝန်ထမ်း တစ်ယောက်က ” မီးရှို့သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်ဟုတ်တယ် ၊ သေဆုံးသူ ဦးမောင်နိုင်ရဲ့ ဇနီး ဒေါ်စန်းဦးလည်း ဓားထိုးခံရတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ရဲစခန်းက အမှုဖွင့် ထားပြီး သတ်ဖြတ်သူတွေကို စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #vom #ပုလဲမြို့

Related posts

Leave a Comment

VOM News

FREE
VIEW