———————
ဆူးငှက်
ကျွန်တော် သုံးလေးတန်းအရွယ်လောက်ကတည်းက ကြားဖူးနေတာ တစ်ခုရှိသည်။ ကျွန်တော်တို့ ဦးကြီး ဓာတ်ပုံဆရာကြီးက တောသူတောင်သားပင် ဖြစ်လင့်ကစား အိမ်မှာသတင်းစာယူသည်။ သတင်းစာ အမြဲဖတ်သည်။ ကျွန်တော့်မိဘများ ကျွန်တော့် ဦးကြီးများ မွေးဖွားကြီးပြင်းခဲ့ရာနေရာက တကယ့် အညာဒေသ ချပ်ကြားလွင်တီးခေါင် ကုန်းမြေ။ ချောင်းခြောက်၊ သဲတော၊ ကန္တာရပင်နှင့် တောင်ကတုံးများဖြစ်၏။
မုံရွာရေဦးကားလမ်းမကြီးက ဘုတလင်မြို့လေးတွင် ဆင်းပြီး အရှေ့ဘက် သဲတာကုန်းခေါင်ခေါင်ကြီးသို့ သဲချောင်းခြောက် ချပ်ကြားရိုးကြားအတိုင်း နေပူလယ်ခေါင်မှာ လှည်းတအီအီစီးရင်း ၂တိုင်ကျော်ခရီးက မန္တလေး-ဘုတလင် ခရီးထက် နှစ်ဆပင်ပန်းသည်။
ဦးကြီးက..မနက်လင်း သတင်းစာဖတ်ပြီး လမ်းလျှောက်ရင်း အိမ်ဘက်ရောက်တော့ ကျွန်တော့်အဖေကို..”လာမယ့် သုံးလေးနှစ်ဆိုရင် တပေါင်းလ ရွာကိုအပြန်မှာ မော်တော်ဘုတ်စီးသွားရတော့မှာဗျ”ဟုပြော၏.. အိပ်ရာထဲမှာ အပျင်းထူနေသော ကျွန်တော် ငေါက်ခနဲ ထထိုင်ကာ အံ့သြသွားသည်။ ကျွန်တော် ၂ခါလောက်ရာက်ဖူးတာပဲ။ ရေကို ဘူးသီးခြောက် တစ်ဘူးစာပင် မမြင်ရသော သည် သဲတောခရီးမှာ မော်တော်ဘုတ်နှင့် သွားရမည်ဆိုသည်က အံ့အားသင့်စရာ။
ဦးကြီးက ရယ်စရာပြောင်နောက်ပြောနေတာ မဟုတ်တန်ရာ..၊ နားထောင်ကြည့်ပါဦး။
“မကြာခင် မူးမြစ်ဝှမ်း စီမံကိန်းကြီး ပြီးတော့မှာဗျ။ ဒီစီမံကိန်းကြီးက မူးမြစ်ကိုပိတ်ပြီး တမံကြီးဆောက်မှာလေ၊ ပြီးတော့ ရေတွေကို မောင်းကြီးတွေသွယ်ပြီး ကျုပ်တို့ တစ်နယ်လုံးပေးမှာ..။မောင်းမကြီးတစ်ခုကဆို အခု ဘုတလင်ဖြတ်ပြီး ကျုပ်တို့ရွာ နဘဲပင်ယာနားက မောင်နီထန်းတောဖြတ်ပြီး၊ အရာတော်ထိကို ရောက်သွားမှာ..၊ ဒါဆိုရင် ဒီတစ်ခါ ရွာပြန်တော့ ဘုတလင်ဈေးဟောင်းဂိတ်အထိ ရန်အောင်မန်းစီးပြီး ဆည်တူးမြောင်းအတိုင်း မော်တော်ဘုတ်နဲ့ ရွာဦးအထိ ရောက်ရောဗျ။ ရွာဦးမော်တော်ဆိပ်က မောင်နီထန်းတောနဲ့ အံကိုက်ပဲ”တဲ့။
အံ့သြစရာကာင်းလှသည့် မူးမြစ်ဝှမ်း စီမံကိန်းတဲ့။ ကျွန်တော်ကတော့ ကလေးမို့ တာတမံတွေ၊ ဆည်မြောင်းတွေ၊ စီမံကိန်းတွေမသိ၊ သို့သော် ဘုတလင် လော်ကယ်စီးတော့ ညောင်ပင်ဝန်းဘူတာလေးမှာ ကြက်သားရေချိုချက် ထမင်းစားရတာ မြိန်လှသည်။ ရေနွေးငွေ့ စက်ခေါင်းကြီးက ညောင်ပင်ဝန်းဘူတာမှာ တွဲဆိုင်းကြီးကဖြုတ်ပြီး နောက်ပြန်ဆုတ်လာကာ ဘူတာအဝင်စက နုတ်သီးကောက်ကြီးနှင့် ရေစင်အောက်ဝင်ပြီး ရေတွေတဗွမ်းဗွမ်း ထည့်သည်။ ထို့နောက် မီးခိုးလုံးတွေ မှုတ်ထုတ်ကာ ဥသြသံဆူညံစွာဖြင့် အားတက်ရွှင်လန်းလာပြီး တွဲဆိုင်းရှေ့နေရာပြန်ယူ၏။ လူကြီးတွေက ခရီးတစ်ဝက် ကျိုးပြီဟ ပြောသည်။
ညောင်ပင်ဝန်းဘူတာမှာ နာရီဝက်လောက် နားအပြီး မီးရထားထွက်သည်။ ထွက်စမို့ အရှိန်ယူသည့်သဘော ဖြည်းဖြည်း ခုတ်မောင်းသည်။ နာရီစည်းချက်ကျ မှုတ်ထုတ်နေသော ရေနွေးငွေ့များတွင် စက်သံက လက်ခုပ်လက်ဝါး တီးပေးနေ၏။ တကယ်တော့ ဘူတာယာဒ်ဝင်း အလွန်မှာပင် အရှိန်ကမြန်မလာ။ အဘယ်ကြောင့် ဆိုသော် အညိုရင့်ရောင် သံပေါင်တံတားကြီးကို သတိထားပြီး ဖြတ်သန်းရဦးမှာမို့ဖြစ်သည်။ ညောင်ပင်ဝန်းဘူတာကအလွန် တံတားက မူးမြစ်ကိုဖြတ်ကျော်ထား၏။
တံတားကမရှည်၊ သို့သော် မက်စောက်သော မူးမြစ်မှာ ကားလမ်းနှင့် ရထားလမ်းပါင်းဆုံထားပြီး အိုမင်းနေပုံရသော သံတံတားကြီးမို့ ခပ်ဖြည်းဖြည်းဖြတ်သန်းနေရပုံ ရသည်။ ရေနည်းနေသော မူးမြစ်ထဲမှာ မီးရထားစက်ခေါင်း အပျက်ကြီးတွေ တုံးလုံးပက်လက် လဲနေသည်။
ကျွန်တော်ကတော့ မီးရထားတွဲပြတင်းဝမှ အောက်ဘက်သို့ ကြောက်လန့်တကြား ငုံ့ကြည့်ရင်း ရင်ခုန်ခုန်မှာ မူးမြစ်ဆိုတာကို မှတ်မိနေသည်။
မိုးတွင်းအခါများမှာတော့ မူးမြစ်ရေက တံတားပေါင်အောက် ထိလုထိခင် ရောက်လာသည်။ မီးရထားခေါင်းပျက်ကြီးများက ရေအောက်ရောက်သွား၏။ ရေတစ်ပြင်လုံး လှိုင်းခေါင်းဖြူများဖြင့် ညိုမှောင်နေသည်။ ဒေါသကြီးနေသည်။ မူးမြစ်ကား အပြောင်းအလဲမြန်လှ၏။တုန်းကတော့ သူ့ကျော်ပေါ်မှာ နင်းလိုနင်း ဖြတ်လို့ဖြတ် ငုံ့စင်း သဘောကောင်းလှသည်။ ကျွန်တော်သိသော မူးမြစ်က ဒါပဲဖြစ်သည်။
တကယ်တော့ မူးမြစ်၏မစ်ဖျား ချောင်းနှစ်မွှာက ပင်လယ်ဘူး အထက်နားတွင် ပေါင်းဆုံပြီး မူးမြစ်ဖြစ်လာသည်။ မူးမြစ်က ပင်လယ်ဘူးမှ တစ်ဆင့်အောက်သို့ တန်းတန်းဆင်းကာ ကောလင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ရွှေဘိုမြို့နယ်၊ မြင်းမူမြို့နယ်များကိုဖြတ်ပြီး ညောင်ပင်ဝန်းအနီးတွင် ဧရာဝတီမြစ်မအတွင်းသို့ စီးဝင်သည်။
မူးမြစ်သည်မင်ကွင်းအားဖြင့် မကြီးမား၊ မခံ့ညား..၊ မြစ်ပြင်ကျယ်ကလည်း ချောင်းမကြီး သာသာ၊ သို့သော် မူးက စွမ်းအားထက်သည်။မြောက်ဘက် တောင်ကုန်းဒေသမှ မြစ်ဖျားခံ စီးဆင်းလာသဖြင့် မြေနုမြေဆီများစွာ သယ်ပို့သည်။ ရေစီးအားသန်သည်။ စိုက်မြေပျိုးမြေကျယ်ပြန့်သော ကျွန်းလှ၊ ရွှေဘိုလွင်ပြင်ကျယ်ကြီးကို ဖြတ်သန်းစီးဆင်းလာသဖြင့် စိုက်ရေးပျိုးရေးအတွက် အဓိကကျသည်။
ကျောင်းမှာမြန်မာစကားပုံတွေ သင်တော့ “မမြင်ဖူး မူးမြစ်ထင်” ဟူသော စကားပုံကို စသင်ကတည်းက နားလည် သဘောပေါက်နေသည်။
ဟာ ဦးကြီးက သတင်းစာဖတ်အပြီး ပြောပြသည့် မူးမြစ်ဝှမ်းစီမံကိန်းဆိုတော့ ကိုယ်နှင့်ပတ်သက်နေသလိုဖြစ်နေ၏။ ပို၍ ပတ်သက်တာက အဖေတို့နှင့် ရွာပြန်လျှင် အရင်လိုပူစပ်ခါး ကန္တာရထဲမှာ မပင်ပန်းနိုင်တော၊့ ရေကြောင်းက လှေလောင်းနှင့်ခရီးဆက်ရမှာတဲ့..။ ပျော်စရာ..။
ဦးကြီးကတော့ ကွယ်လွန်သွားတာ ကြာပါပြီ။ သူလည်း မျက်စိနှစ်လုံး မပိတ်မီစပ်ကြား ရွာက သူ့ကုသိုလ် မာန်အောင်သရဖူစေတီတော်ကြီးကို မော်တော်စင်းလုံးငှားပြီး ထီးတင်ပွဲဆင်နွဲဖို့ စိတ်ကူးမှာပေါ့..။ လွန်ခဲ့သော နှစ်၂၀ ဝန်းကျင်က မူးမြစ်ဝှမ်း သဖန်းဆိပ်ဆည်စီမံကိန်း ပြီးစီးကြောင်း သတင်းစာထဲပါလာတော့ ဦးကြီးကို သတိရနေသည်။
ကျွန်တော်က ဦးကြီးနေရာဝင်ကာ သတင်းစာကိုင်ပြီး သားတွေ၊ တူတွေကို မင်းတို့ အမေကြီးတို့၊အဖိုးတို့ရွာပြန်ရင် မော်တော်စီးရမှာကွဟုပြောဖူးပါ၏။ သားတွေ တူတွေက စိတ်မဝင်စား..။ မျက်မွှေးထော် မော်လို့မှမကြည့်တော့..။
လွန်ခဲ့သော နှစ် ၅ဝကျာ်ကာလက ဦးကြီးပြောစကားကို တကယ်ဖြစ်မယ် မှတ်လို့ ကျွန်တော် ယုံခဲ့တာပေါ့။ ဦးကြီးကလည်း ဖြတ်သန်းခဲ့ဖူးသော သူ့အတွေ့အကြုံဖြင့် သူ့ခေတ်က သတင်းစာတွေကို ယုံခဲ့လို့ ကျွန်တော်တို့ကို အားတက်သရော ပြောခဲ့တာဖြစ်မှာပေါ့။
လွန်ခဲ့သော နှစ်၂၀ ဝန်းကျင်က သတင်းစာတွေ ဖတ်ပြီး ကျွန်တော်ကပြန်ပြောတော့ သားတွေ၊တူတွေက သူတို့အတွေ့အကြုံအရ သတင်းစာဆိုတာ ယုံကြည်လောက်သော အရာမဟုတ်ဟု အသိသံမှိုစွဲနေလေတော့ ကျွန်တော်ငယ်ငယ်ကလို သူတို့ မယုံကြည်တော့…။
#voiceofmyanmar #VOM #ဆောင်းပါး #မူးမြစ်နှင့်သတင်းစာ