အေးချမ်းသူ(VOM)
မြောက်ဥက္ကလာ ၂ ရပ်ကွက် အာသာဝတီလမ်းမကြီးဟာ နေပူချိန်ကြောင့် လမ်းသွားလမ်းလာတွေ ရှင်းလင်းနေပေမယ့် လူတစ်ဦးကတော့ ဆာလာအိတ်နဲ့ ရေသန့်ဗူးတွေ အချိုရည်ဗူးတွေကောက်ရင်း အလုပ်ရှုပ်လို့နေပါတယ်။
အမှိုက်ကောက်နေသူမှာ အသက်အရွယ်အားဖြင့် ၆၀ ကျော်ရှိပြီး နေလောင်ဒဏ်ကြောင့် မျက်နှာမှာအဆီပြန်နေသလို ဝတ်ထားတဲ့အင်္ကျီမှာ ကြယ်သီးတစ်လုံးမှမရှိတာကြောင့် ရင်ဘတ်မှာ ပွင့်လျက်သားဖြစ်နေပါတယ်။
အာသာဝတီလမ်းတလျှောက်ရှိ ဘုန်းကြီးကျောင်းတွေနဲ့ လမ်းဘေးဝဲယာတလျှောက်က လူတကာစွန့်ပစ်ထားတဲ့ ရေသန့်ဗူးခွံတွေ၊ အချိုရည်ဗူးခွံတွေကောက်ရင်း ဆာလဆာအိတ်နှစ်လုံးနီးပါးပြည့်သွားတဲ့အခါ အမှိုက်ကောက်သူဟာ မေတ္တာလမ်းထဲကို လမ်းလျှော
က်သွားပါတယ်။ လမ်းရဲ့အဆုံးမှာတော့ ကျူးကျော်အိမ်ကလေးတွေစုပြုံနေပြီး အဝတ်လျှော်သူတွေ ထမင်းစားနေသူတွေနဲ့ ရေခပ်သူနေသူတွေနဲ့ပြည့်နှက်လို့နေပါတယ်။
အမှိုက်ကောက်သူအဘိုးအိုဟာ ကျူးကျော်တွေနေထိုင်ရာ လမ်းကြားလေးကနေ လမ်းလျှောက်သွားတဲ့အဆုံးမှာတော့ ၁၀ပေပတ်လည်အိမ်လေးရှေ့မှာ သူရဲ့ပုခုံးမှာလွယ်ထားတဲ့ ဆာလအိတ်နှစ်လုံးကိုချပြီး အိမ်ပေါ်ကိုတက်သွားပါတယ်။
အိမ်မှာမီးမရှိတာကြောင့် မှောင်မဲနေပြီး အခန်းမှာလည်း အဝတ်အစားတွေ၊ အိုးခွက်ပန်းကန်တွေနဲ့အတူ ရှုပ်ပွနေကာ ခေါင်းရင်းဘက်မှာတော့ အသက်ခုနှစ်ဆယ်နီးပါးရှိပြီဖြစ်တဲ့ အဘိုးအိုတစ်ဦး လှဲလျောင်းနေပါတယ်။
ခေါင်းရင်းဘက်မှာ လှဲနေသော အဘိုးအိုဟာ အိမ်ပေါ်ကို လူတက်လာတဲ့ခြေသံကြောင့် ကိုင်းကျိုးနေလို့ သားရေကွင်းနဲ့စီးထားရတဲ့မျက်မှန်ထူကြီးကို တပ်ကာ မော့ကြည့်လိုက်ပါတယ်။
“အစ်ကိုထမင်းစားပြီးပြီလား သက်သာလားလို့ “တိုးတိုးလေးရေရွတ်ရင်း အမှိုက်ကောက်သူဟာ အဘိုးအိုရဲ့နဖူးပြင်ကို လက်နဲ့စမ်းကာ ကိုယ်အပူချိန်ကို ကြည့်နေပါတယ်။
“မစားနိူင်ပါဘူးကွာ စားနိူင်လဲတစ်လုတ် နှစ်လုတ်ပေါ့ဟု “အဘိုးအိုက ပြန်ပြောလိုက်ရာ အမှိုက်ကောက်သူဟာ လိမ္မော်သီးများကို အခွံနွာရင်း “ဒါဆိုခံတွင်းတွေ့သွားအောင် လိမ္မော်သီးလေး စားလိုက် ကိုကြီး”ဟု နွာပြီးသား လိမ္မော်သီးများကို လက်ထဲကိုကမ်းပေးလိုက်ပါတယ်။
သူတို့နှစ်ဦးကတော့ ညီအကိုအရင်းတွေပါ။ အစ်ကိုဖြစ်သူက ဦးအေးရွှေ အသက်၇၀ ကျော်ရှိပြီး ညီဖြစ်သူကတော့ အသက်၆၀ ကျော်ပြီဖြစ်တဲ့ ဦးတင်ကြည်ပဲဖြစ်ပါတယ်။
ဦးတင်ကြည်မှာ မွေးချင်းညီအစ်ကိုမောင်နှမ ခြောက်ယောက်ရှိပြီး ညီမနှစ်ယောက်မှာ သေဆုံးသွားတာကြောင့် လေးယောက်သာကျန်တော့တယ်လို့လည်း သိရပါတယ်။
မိဘဖြစ်သူနှစ်ဦးရဲ့ ကျန်းမာအခြေအနေကြောင့် ညီအစ်ကိုနှစ်ယောက် အိမ်ထောင်မပြုဘဲ လုပ်ကျွေးခဲ့ရာ မိဘတွေဆုံးပါးသွားပြီးနောက်ပိုင်း ညီအစ်ကိုနှစ်ဦးတည်းသာ နေထိုင်ခဲ့တယ်လို့ ဦးအေးရွှေကပြောပါတယ်။
ကျူးကျော်တဲမှာ အဘိုးအိုနှစ်ဦးနေထိုင်ဖို့ ဆယ်ပေပတ်လည် ပျဥ်ထောင်သွပ်မိုးအိမ်လေးကိုတော့ ကိုပူတူးနဲ့ရောင်းရင်းများအဖွဲ့က လှူဒါန်းပေးထားပြီး ရံဖန်ရံခါ ထောက်ပံ့ပေးတယ်လို့လည်း ဦးတင်ကြည်က ပြောပါတယ်။
ကျူးကျော်တဲမှာ မနေထိုင်မီက တိုက်ကြီးမြို့နယ်ကကျေးရွာတစ်ရွာမှာ နေထိုင်ပြီး ငယ်စဥ်က လယ်ယာလုပ်ငန်းကို အဌားလုပ်ကိုင်ကြကာ လယ်ပိုင်ရှင်တွေက လယ်တွေကို ကိုယ်ပိုင်လုပ်ကိုင်လာတဲ့အခါ စာရင်းငှားဘဝကို စွန့်လွှတ်ခဲ့ရတယ်လို့ ဦးတင်ကြည်ကပြောပါတယ်။
“ရွာမှာနေတုန်းက လယ်စာရင်းဌားလုပ်တယ်၊ လယ်ရှင်တွေက ကိုယ်ပိုင်လုပ်လာတော့ အလုပ်မရှိတော့ဘူး၊ အဲ့ဒါနဲ့ အစ်ကိုဖြစ်သူကခေါ်လို့ ရန်ကုန် ရောက်လာတာ”လို့ ပြောပါတယ်။
ရန်ကုန်ရောက်နေတဲ့ အကြီးဆုံးအစ်ကိုဖြစ်သူရဲ့ ခေါ်ယူမှုကြောင့် ဦးနေဝင်းလက်ထက်မှာ ရန်ကုန်ကိုစတင်ရောက်ရှိခဲ့ပြီး အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပုံကိုလေး ပြောပြပါတယ်။
ရန်ကုန်ကို ရောက်စက သူတို့ညီအစ်ကိုနှစ်ဦးဟာ ကျောင်းပညာ မတက်တာကြောင့် အလုပ်ရှာမရဘဲ ဒုက္ခနဲ့ရင်ဆိုင်ခဲ့ရပြီးနောက် ရေထမ်းရောင်းကာ စားဝတ်နေရေးကိုဖြေရှင်းခဲ့တယ်လို့လည်း ဦးအေးရွှေက ပြောပါတယ်။
“ကျနော်က ဘုန်းကြီးကျောင်းသား စာနည်းနည်းတက်တယ် သေစာရှင်စာလောက်ပေါ့၊ ညီလေးကတော့ ဘာမှမတက်ဘူး ရန်ကုန်မှာအလုပ်ရှာမရဘူး၊ ရေထမ်းရောင်းမယ်ကွာ ဆိုပြီး နှစ်ယောက်လုပ်တာ” လို့ပြောပါတယ်။
ရန်ကုန်က မြို့နယ်အချို့မှာ ပြောင်းရွှေနေထိုင်ရင်း သူတို့ညီအစ်ကိုနှစ်ဦး မြောက်ဥက္ကလာ ၂ ရပ်ကွက် မေတ္တာလမ်းက ကျူးကျော်နေရာကို ၂၀၀၈ ခုနှစ်မှာ စတင်ရောက်ရှိနေထိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကျူးကျော်အများစုနေထိုင်တဲ့ မေတ္တာလမ်းမှာ အရင်က ညီအစ်ကိုနှစ်ယောက်ရေထမ်းရောင်းပြီး စားသောက်နေထိုင်နေသော်လည်း နောက်ပိုင်းမှာ ရေထမ်းရောင်းရတာမလွယ်ကူတော့ဘူးလို့ ဦးတင်ကြည်က ပြောပါတယ်။
အစ်ကိုဖြစ်သူ အသက်အရွယ်ရလာပြီး ကျန်းမာရေးပါ ချို့ယွင်းလာတဲ့အတွက် လမ်းဘေးဝဲယာမှာရှိတဲ့ ရေသန့်ဗူးခွံတွေ၊ အအေးဗူးခွံတွေကောက်ကာ စားဝတ်နေရေးဖြေရှင်းပြီး ပိုတဲ့ပိုက်ဆံနဲ့ဆေးဝယ်တိုက်တယ်လို့ သူကပြောပါတယ်။
“သူက အရမ်းခေါင်းမာတာ ဆေးတိုက်ရင် မသောက်ချင်ဘူး သူ့ကျန်းမာရေးအတွက်ပြောတာလေ နားမထောင်ဘူး”လို့ ဦးတင်ကြည်က ဂရုဏာဒေါသဖြင့်ပြောပါတယ်။
ဦးအေးရွှေဟာ ကိုဗစ်ကာလမတိုင်ခင်ကတည်းက ကျန်းမာရေးချို့ယွင်းလာကာ ဆေးရုံဆေးခန်းမှာ တက်ရောက်ကုသဖို့ ငွေကြေးမတက်နိူင်တာကြောင့် နီးစပ်ရာ ဆေးဆိုင်က စပ်ဆေးတွေနဲ့သာ ရောဂါကိုသက်သာအောင် ပြုလုပ်ပေးနိူင်တယ်လို့ သူကရှင်းပြပါတယ်။
“ကျနော်ကတော့ ဘုရားတရားလုပ်ဖို့ပဲ တိုက်တွန်းတယ်၊ မနက်စောစောထ ထမင်းဟင်းချက်ပေး သူစားချင်တာချက်ပေးတယ်၊ သူ့ကို ဘုရားပန်းလဲ သောက်တော်ရေကပ် ဆွမ်းတင် ကုသိုလ်ရေးတွေလုပ်ဖို့ပဲ ပြောတယ်”လို့ ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့က ကျူးကျော်အိမ်တွေ ဖျက်ခိုင်းတဲ့ အသံတွေကြားရလို့ တခါတလေ အိပ်လို့ပင်မပျော်ဘူးလို့ ညီအစ်ကိုနှစ်ဦးက ပြောပါတယ်။
နိူင်ငံတော်အစိုးရအနေနဲ့ ကူညီရာမဲ့သက်ကြီးရွယ်အိုမတွေကို စောင့်ရှောက်ပေးမယ့်နေရာမှာ ထားပါက အစ်ကိုဖြစ်သူမှာ နေထိုင်မယ်လို့ဆိုပေမယ့် ညီဖြစ်သူကတော့ သူတို့နေထိုင်ရာ ကျူးကျော်တဲလေးကို မခွဲနိူင်အောင် သံယောဇဥ်ဖြစ်နေပါတယ်။
“နိူင်ငံတော်ကပဲ ဖြစ်ဖြစ် ပရဟိတအဖွဲ့အစည်းတွေကပဲဖြစ်ဖြစ် စောင့်ရှောက်ပေးမယ့် နေရာမှာထားရင် ကျနော်ကသွားနေချင်တယ်၊ ကျနော်သေသွားရင်တောင် ကျနော်ညီကို စိတ်ပူစရာမလိုတော့ဘူးလေ”ဦးအေးရွှေကလည်း မသေခင်သူ့ညီဖြစ်သူအတွက် စဥ်းစားထားတာကို ပြောပြပါတယ်။
အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရပေမယ့် ကျန်းမာရေးမကောင်းလို့ အိပ်ရာထဲလဲနေတဲ့ အစ်ကိုဖြစ်သူအတွက် စားချင်တာ စားရအောင် ဆေးဝယ်သောက်လို့ရအောင် မနက်ပိုင်းချက်ပြုတ်ပြီးစီးပါက ရပ်ကွက်ထဲမှာ ရေသန့်ဗူးခွံတွေ အအေးဗူးခွံတွေ လိုက်ကောက်ခဲ့သည်မှာ (၂)နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
“ကျနော်ရှိသရွေ့ အစ်ကိုမငတ်စေရဘူး သူစားချင်တာစားလို့ရအောင် သူရောဂါသက်သာအောင်၊ နေဘယ်လောက်ပူပါစေ ကျနော်အပူခံနိူင်တယ်၊ ကျနော့်ဘဝမှာ သူမရှိလို့မဖြစ်ဘူးဗျ”လို့ ပြောရင်း ဆေး
သောက်ပြီး အိပ်နေတဲ့ အစ်ကိုဖြစ်သူကိုကြည့်ရင်း မျက်ရည်တွေစီးကျလာပါတော့တယ်။
အဘိုးနှစ်ဦးကိုဆက်သွယ်လှူဒါန်းချင်လျှင် ၀၉၅၄၀၈၄၃၇ မှတဆင့်ချိတ်ဆက်ပြီး လှူဒါန်းနိူင်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ဆောင်းပါး #အေးချမ်းသူ