မနီလာ၊ ဇန်နဝါရီ-၂-၂၀၂၄
မျိုးဆက်(VOM)
တရုတ် မောင်းသူမဲ့ ရေအောက်ဒရုန်းလို့ ယူဆရတဲ့ ယာဉ်တစင်းကို ဖိလစ်ပိုင်ရေပြင်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားလိုက်ပြီး ဒါဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုတွေရှိ နိုင်ကြောင်း သတိပေးချက်တွေလည်း ထွက်ပေါ်နေပါတယ်။
မက်စ်ဘာတီပြည်နယ် ဆန်ပတ်စကူရယ်ကမ်းလွန်ကနေ ကိုးကီလိုမီတာအကွာရေပြင်ကနေ အဲဒီမောင်းသူမဲ့ရေအောက်ဒရုန်းကို ငါးဖမ်းသမားသုံးယောက်က ရှာဖွေတွေ့ရှိခဲ့တာလို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။
HY-119 လို့ဖော်ပြထားတဲ့ အဝါရောင်မောင်းသူမဲ့ယာဉ်ဟာ နှစ်မီတာရှည်လျားပြီး ဘေးတောင်ပံတွေနဲ့အတူ တော်ပီဒိုပုံသဏ္ဍာန်ရှိတယ်လို့ ပြောပါတယ်။ အာရုံခံကိရိယာ၊ ကင်မရာတခုပါဝင်ပြီး စောင့်ကြည့်ခြင်းနဲ့ ထောက်လှမ်းခြင်းတွေအတွက် အသုံးပြုနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီရေအောက်ဒရုန်းမှာ လက်နက်တွေတပ်ဆင်မထားဘူးလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဟာ ရေအောက်ဒရုန်းကို ဖိလစ်ပိုင်ရေတပ်ထံ လွှဲပြောင်းပေးခဲ့ပြီး ရေတပ်အာဏာပိုင်တွေကတော့ တစုံတရာ ထုတ်ပြန်တာမျိုးမရှိသေးသလို မနီလာရှိ တရုတ်သံရုံးကလည်း ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက်ဆိုင်ရာအခွင့်အရေးအပြင် သန္တာကျောက်တန်း၊ ကျွန်းငယ်တွေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးနှစ်ပေါင်းများစွာ ထိပ်တိုက်ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။
ဒါအပြင် တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ် ဒေသအားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာတောင်းဆိုမှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အရှေ့တောင်အာရှနိုင်ငံတွေအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့လည်း တင်းမာမှုတွေမြင့်တက်နေပါတယ်။
Ref:AFP
Photo:AFP
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...