ဖနွမ်းပင်၊ နို၀င်ဘာ-၁၅-၂၀၂၂
မျိုးဆက်(VOM)
ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် နို၀င်ဘာ ၁၅ ရက်ကစတင်ပြီး ဘာလီမှာကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ရန်အစီအစဉ် ဖျက်သိမ်းလိုက်ရပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ကမ္ဘောဒီးယားနိုင်ငံ မှာကျင်းပခဲ့တဲ့ အာဆီယံဆက်စပ်ထိပ်သီးဆွေးနွေးပွဲတွေ လက်ခံကျင်းပပြီးနောက် ရက်ပိုင်းအကြာမှာ ဟွန်ဆန်ဟာ ကိုဗစ်-၁၉ ကူးစက်ခံနေရတာဖြစ်ပါတယ်။
အာရှရဲ့ သက်တမ်းအရှည်ဆုံး အာဏာရှင်တစ်ဦးဖြစ်တဲ့ ဟွန်ဆန်ဟာ ဂျီ-၂၀ အစည်းအဝေးတက်ရောက်ဖို့ အင်ဒိုနီးရှားကို ရောက်ရှိချိန်မှာ ကိုဗစ်-၁၉ ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရောဂါလက္ခဏာတွေ မပြဘူးလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။
ဟွန်ဆန်ဟာ နို၀င်ဘာ ၁၃ ရက်ကကျင်းပပြီးစီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ ကနေဒါ ခေါင်းဆောင်တွေနဲ့ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။
ကိုဗစ်-၁၉ ရောဂါဘယ်အချိန်မှာ ကူးစက်ခဲ့ကြောင်း သေချာမသိရပေမယ့် အင်ဒိုနီးရှားကို ညပိုင်းရောက်ရှိပြီးစစ်ဆေးချိန်မှာ ရောဂါကူးစက်နေရတာကို တွေ့ရှိခဲ့ရပြီး ဘာလီိကို နောက်ကျမှရောက်ရှိတာကြောင့် အခြားနိုင်ငံ့ခေါင်းဆောင်တွေနဲ့ ညစာမစားဖြစ်ခဲ့ကြောင်း ဟွန်ဆန်ကသူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Ref: CNA
Photo:AFP
#voiceofmyanmar #VOM #ဖနွမ်းပင်