ပခုက္ကူမှာ ဆိုင်ကယ် ၁ စီး ၊ လူ ၁ ယောက်ပဲ စီးရမယ်လို့ အမိန့်ထုတ်

နိုဝင်ဘာ ၊ ၂၄ ၊ ၂၀၂၂
SP( VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့မှာ မနေ့ နိုဝင်ဘာ ၂၄ ရက်ကစပြီး ဆိုင်ကယ် ၁ စီးကို လူ ၁ ယောက်ပဲစီးရမယ်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနက အမိန့်ထုတ်ပြန် ကြေညာခဲ့တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” ပခုက္ကူမြို့ပေါ်မှာ ဆိုင်ကယ်စီးနင်းရမယ့်အချိန် ထုတ်ပြန်ထားတယ် ၊ အဲ့ဒါက မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိဖြစ်ပြီး ၊ ည ၆ နာရီကနေ နောက်တနေ့ မနက် ၈ နာရီအထိ လုံးဝ ဆိုင်ကယ် မစီးရဘူးလို့ သတ်မှတ်ထားတယ် ၊ အဲ့ဒီအပြင် ဆိုင်ကယ် စီးနင်းခွင့်ရှိတဲ့အချိန်မှာလည်း ဆိုင်ကယ် ၁ စီးကို မောင်းတဲ့သူ ၁ ယောက်ပဲ စီးရတယ် ၊ အမျိုးသား အချင်းချင်းပဲဖြစ်ဖြစ် ၊ အမျိုးသမီး အချင်းချင်းပဲ ဖြစ်ဖြစ် ၂ ယောက်ပိုး လုံးဝမစီးရဘူး ၊ အမိန့်ထုတ်ပြန်ထားတယ်” လို့ ပခုက္ကူမြို့ခံ တစ်ယောက်က ပြောပါတယ်။

” ပခုက္ကူက နယ်မြို့ဖြစ်တယ် ၊ မြို့အနီးနားက ကျေးရွာတွေကို အမှီပြုပြီး စျေးရောင်းရတဲ့မြို့ဖြစ်တယ် ၊ အခုလို ဆိုင်ကယ် ၂ ယောက်ပိုး မစီးရ အမိန့်ထုတ်ပြန်တာဟာ ကျောင်းပို့ ကျောင်းကြို ၊ စျေးပို့ညစျေးကြို မဖြစ်မနေလုပ်ရတဲ့သူတွေအဖို့ အခက်တွေ့စေတာတော့ အမှန်ပဲ ” လို့ ပခုက္ကူ စက်မှုဇုန် လုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။

အဲ့ဒီလို ဆိုင်ကယ် ၂ ယောက်ပိုး မစီးရ အမိန့်ထုတ်တာနဲ့ ပတ်သက်လို့ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ နီးစပ်သူ တစ်ယောက်က

” ပခုက္ကူမြို့ပေါ်မှာ လုယက်မှုတွေ ၊ ဓားပြမှုတွေ ၊ လူပြန်ပေးဆွဲတဲ့အမှုတွေနဲ့ လူသတ်မှုတွေ ဖြစ်ပွားတဲ့အခါ ပြစ်မှုကျူးလွန်သူတွေက ဆိုင်ကယ်ကို ၂ ယောက်ပိုးစီးပြီးတော့ ကျူးလွန်လေ့ရှိတယ်ဆိုတာ သုံးသပ်ရမိတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားသွားတဲ့ အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံကတာဆိုရင် ပြစ်မှုကျူးလွန်းသူက အမျိုးသမီး ၂ ယောက် ဆိုင်ကယ် ၁ စီးနဲ့ ဖြစ်တယ် ၊ အခုလို ဆိုင်ကယ် ၂ ယောက်ပိုး မစီးရ အမိန့်ထုတ်ပြန်လိုက်တာဟာ ဒေသတွင်း ပြစ်မှုတွေ မဖြစ်ပွားရအောင် ကြိုတင်ကာကွယ် ထိန်းချုပ်လိုက်တာဖြစ်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း နိုဝင်ဘာ ၂၂ ရက် မနက် ၇ နာရီဝန်းကျင်က ပခုက္ကူမြို့ ၊အမှတ် ၁၄ ရပ်ကွက် ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမြင့်သိန်း ဆိုသူဟာ အမျိုးသမီး ၂ ယောက်က ဆိုင်ကယ် ၁ စီးနဲ့ လာရောက်ပြီး သေနတ်နဲ့ ပစ်သတ်တာကြောင့် သေဆုံးခဲ့တာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW