လုံခြုံရေးအကျပ်အတည်းနဲ့ ပိုရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်ကို မြောက်ကိုရီးယားသတိပေး

ပြံးယမ်း၊ နို၀င်ဘာ-၂၃-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားရဲ့ မကြာသေးမီက တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ခဲ့တဲ့ အပေါ် ပြစ်တင်ရှုတ်ချဖို့ ကုလသမဂ္ဂကို အမေရိကန်ကတွန်းအားပေနေချိန်မှာပဲ အမေရိကန်အနေနဲ့ ပိုမိုဆိုးရွားတဲ့ လုံခြုံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မြောက်ကိုရီးယားက နို၀င်ဘာ ၂၂ ရက်မှာ သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားက တားမြစ်ထားတဲ့ ဒုံးကျည်စမ်းသပ်မှုနဲ့အခြားသော မတည်မငြိမ်လုပ်ဆောင်မှုတွေကို ရှုတ်ချကြောင်း အမေရိကန်သံအမတ်ကြီး လင်ဒါသောမက်စ်ဂရင်းဖီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားရဲ့ သတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

မြောက်ကိုရီးယား လက်နက်ဖြုတ်သိမ်းရေးအတွက် ဘယ်လိုပဲကြိုးစားပါစေ မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို စွန့်လွှတ်မှာမဟုတ်ဆိုတာကို အမေရိကန်အနေနဲ့ သတိချပ်သင့်ကြောင်း၊ မြောက်ကိုရီးယားဆန့်ကျင်တဲ့ လုပ်ရပ်တွေဆက်လက်လုပ်ဆောင်မယ်ဆိုရင် ပိုမိုဆိုးရွားတဲ့ လုံခြုံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက သတိပေးပြောဆိုပါတယ်။

နို၀င်ဘာ ၂၁ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယားအရေး အရေးပေါ်အစည်းအဝေးပြုလုပ်ပြီးနောက် မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်အပေါ် ကန့်သတ်ဖို့လုပ်ဆောင်မှုကို ထောက်ခံတဲ့နိုင်ငံ ၁၄ နိုင်ငံက ပူးတွဲကြေညာချက်တရပ်ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ပါ၀င်တဲ့ အဲဒီပူးတွဲ ထုတ်ပြန်ချက်အပေါ် ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူက ပြစ်တင်ရှုတ်ချခဲ့ပြီး ကိုရီးယားကျွန်းဆွယ်အကျပ်အတည်းကို ပိုမိုဆိုးရွားစေကြောင်း ပြောဆိုပါတယ်။

Ref: AP
Photo:Getty Images
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW